ကြံ့ခိုင်ရေး ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကို နိုင်ငံရေးပညာပေးခဲ့တဲ့ ဟံသာဝတီ ဦးဝင်းတင် – အောင်ထွန်းလင်း

ခင်ဗျားလည်း သေခါနီးနေပြီ။ ကျွန်တော်လည်း သေခါနီးနေပြီ။ လိပ်ပြာသန့်အောင် ခင်ဗျား ဘာတွေ လုပ်နိုင်သလဲ ပြော …

ဖြတ်သန်းခဲ့ရသည့်သတင်းထောက်ဘ၀အတွေ့အကြုံ 

repoter

ဟံသာဝတီ ဦးဝင်းတင်ရယ်လို့ တိုင်းကျော်ပြည်ကျော် လူသိများတဲ့ အဘဦးဝင်းတင်ကတော့ ကွယ်လွန် သွားခဲ့ပါပြီ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရဲ့ အမာခံ ခေါင်းဆောင်တစ်ဦး၊ ပြည်သူ့ဘက်တော်သား သတင်းစာသမား အနေနဲ့ ရပ်တည်ခဲ့ပြီး စစ်အစိုးရက နှစ်ရှည်လများ ထောင်သွင်း အကျဉ်းချခဲ့လို့ ကျန်းမာရေး ချို့ယွင်းခဲ့သူ။ ထောင်ထဲက ပေးလိုက်တဲ့ သေရာပါဒဏ်ရာတွေကို အန်တုပြီး နောက်ဆုံးအချိန်အထိ တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တရားတွေ ဖော်ထုတ်၊ အမှားတွေ တိုက်ထုတ်ရင်း ကွယ်လွန် သွားခဲ့လေပြီ။ ၂၀၀၈ အခြေခံဥပဒေကို အသစ်ပြန်ရေး ရမယ်ဆိုပြီး ပြင်ဆင်ရေးဆွဲရေးကို လက်မခံတဲ့ အဘဦးဝင်းတင်ရဲ့ ရဲရဲတောက် ဆုံးဖြတ်ချက်ဟာ နောင်လာ နောက်သားတွေအတွက် စံနမူနာယူစရာ ဖြစ်ခဲ့သလို စစ်ယူနီဖောင်း ချွတ်ထားတဲ့ လူဝတ်လဲ အစိုးရကို လုံးလုံး မယုံကြည်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့သူ အဘ… အခုတော့ ကွယ်လွန်သွားခဲ့ပါပြီ။

အာဏာရကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအတိုင်ပင်ခံဖြစ်တဲ့ ဦးအောင်သောင်းကလည်း ကွယ်လွန်ခဲ့ချေပြီ။ ဦးအောင်သောင်းဆိုတာ ကျောင်းဆရာဘ၀က တက်လာပြီး စစ်တပ်ထဲဝင်၊ အဲဒီကနေ တစ်ဆင့်ပြီး တစ်ဆင့်တက်လို့ ဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့ပြီး စစ်အစိုးရ လက်ထက် ၀န်ကြီးအဖြစ် လုပ်ဆောင် ခဲ့ရင်း ၂၀၁၀ ရွေးကောက်ပွဲမှာတော့ တောင်သာမြို့ကနေ ၀င်ရောက်ယှဉ်ပြိုင်လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသူပါ။ လွှတ်တော် ကိုယ်စားလှယ်ဘ၀မှာ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ခြင်း ခံခဲ့ရသူဖြစ်ပြီး အရင်စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ နီးစပ်သူ ဖြစ်သလို ဒုချုပ်(ငြိမ်း)ဖြစ်တဲ့ ဦးမောင်အေးနဲ့ကလည်း ခမည်းခမက် တော်သူဆိုတော့ တကယ့်ကို တန်ခိုးထွားခဲ့သူပါ။ ဒါပေမဲ့လည်း ကွယ်လွန် သွားခဲ့လေပါပြီ။

တကယ်တော့ သူတို့နှစ်ဦးစလုံးဟာ သက်ဆိုင်ရာပါတီတွေရဲ့ အမာခံခေါင်းဆောင် တွေလို့ပဲ ပြောရမှာပါ။ ထို့နည်းတူ မိမိပါတီရဲ့မူဝါဒနဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ ကြံ့ကြံ့ခံ ရပ်တည်ရင်း ပါတီအကျိုးအတွက် သယ်ပိုးခဲ့ကြသူတွေပါ။ ဒါပေမဲ့လည်း နိုင်ငံရေးသမားတွေ ဖြစ်တဲ့နည်းတူ ဘေးလူကို တွန်းချတိုက်ခိုက်ပြီး ကိုယ်ရှေ့ရောက်ဖို့ လုပ်ခဲ့သူတွေ ရှိတတ်ကြတော့ အဘဟံသာဝတီ ဦးဝင်းတင်နဲ့ ဦးအောင်သောင်းတို့ အသီးသီး အသက မကွယ်လွန်ကြမီအချိန် မီဒီယာပေါ်မှာ အပြန်အလှန် ပြောဆိုခဲ့မှုတွေဟာ နောင်တစ်ခေတ် နိုင်ငံရေးသမား လုပ်လိုသူများအတွက် နမူနာယူစရာ အဖြစ်အပျက်တွေပါ။

အဖြစ်အပျက်ကတော့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကာလ၊ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပစဉ် ကာလ မြန်မာသံတော်ဆင့်နဲ့ ဦးအောင်သောင်းတို့ အင်တာဗျူးလုပ်ခဲ့စဉ်မှာ သူဖြေကြားခဲ့တာက NLD ကို စတင် တိုက်ခိုက် ပြောကြားလိုက်တာပါ။

““တကယ်တော့ လက်ရှိအနေအထားအရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အားနည်းနည်း တောင့်တင်းတဲ့ သဘော ရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲရှိတယ်။ နောက်လိုက် သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးများ ရမလားဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမားဖြစ်နေ တယ်။ တကယ့်နိုင်ငံရေးကို နားလည် ယုံကြည်ပြီးတော့ NLD ရဲ့ လမ်းစဉ်မူဝါဒတွေ ကောင်းတယ်။ အဲဒါတွေ သာ တိုင်းပြည်ကြီးကို တည်ဆောက်လို့ရတယ်၊ အလွန်ကောင်းမှာပဲ၊ ချမ်းသာသွားမှာပဲ၊ အောင်မြင်သွားမှာပဲ၊ ကမ္ဘာကလည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင်နဲ့က နည်းတယ်။ ပြည်ခိုင်ဖြိုးပါတီ မှာလည်းရှိတယ်။ သို့သော် လည်းပဲ သူတို့တွေက တက်မလာနိုင်ဘူး။ အရင်တုန်းက တစ်ယောက်စ၊ နှစ်ယောက်စ ရှိတယ်။ ထွက်သွားတဲ့ လူအချို့မှာလည်း အဲဒီလို ပယောဂတွေရှိတာပဲ”” လို့ ဦးအောင်သောင်းက ပြောကြားလိုက်တာပါ။

ဒါနဲ့ပတ်သက်လို့ NLD ပါတီရဲ့ သဘာပတိဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ တုံ့ပြန်ပြောဆိုမှုကလည်း တကယ့် ကို ပညာသားပါပါနဲ့ မြန်မာသံတော်ဆင့်ကနေ တစ်ဆင့်ပဲ အခုလို တုံ့ပြန်လိုက်ပါတယ်။

““ဦးအောင်သောင်း ပြောတာဟာ ပါတီတစ်ခုနဲ့ ပါတီတစ်ခု မူဝါဒတွေအရ ပုတ်ခတ်တယ်၊ ဆန့်ကျင်ပြောတယ်။ အတင်းချ ပြောတယ် ဆိုတာမျိုး ဆိုရင်တော့ ဒါက ပြောလို့ရတယ်။ မူဝါဒတွေ မတူဘူးလေ။ သူ့ပါတီက လုပ်တဲ့ ဟာကတော့ ကောင်းကျိုးမပေးဘူး။ တို့ပါတီက လုပ်တာမှ ကောင်းတယ် ဆိုတာမျိုးလေ။ ဒီလိုလူပုဂ္ဂိုလ်တွေ တိုက်တဲ့ ဟာကတော့ နိုင်ငံရေးအရဆိုရင်တော့ မကောင်းဘူးဗျ။ ကျွန်တော်လည်း ကြံ့ဖွံ့ကို ဆန့်ကျင် တာတွေရှိတယ်။ ပေါ်လစီအရ ဆန့်ကျင်တဲ့အရာတွေ ကျွန်တော် ပြောတယ်။ ဘယ်သူက ဘယ်လိုဆိုတဲ့ဟာ တွေကတော့ ကျွန်တော်လည်း ဘယ်တုန်းကမှ မပြောခဲ့ဘူး။ အခု သူပြောတာဟာ NLD ထဲက လူတွေ အကုန်လုံးက နိုင်ငံရေးကို ကြုံရာကျပန်း ၀င်လုပ်တဲ့လူတွေ၊ နိုင်ငံရေးကို အာဃာတနဲ့ လုပ်တဲ့လူတွေ၊ နိုင်ငံရေး လုပ်စားတဲ့ လူတွေဆိုတဲ့ သဘောမျိုးပြောတယ်။ ပါတီတစ်ခုနဲ့တစ်ခု ဒီလိုသာ ပြောတမ်းဆိုရင် သူတို့တွေကို ရော ဘယ်လိုပြောရမလဲ။ ပြန်ပြောစရာတွေ အများကြီး ရှိတာပေါ့ဗျာ။ အခုသူပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် ပဲရှိတယ်။ ကျန်တဲ့လူ တစ်ယောက်မှ အသုံးမကျဘူး။ မကောင်းတဲ့လူလည်း ဖြစ်တယ်။ အာဃာတတွေ ရှိတဲ့ လူတွေလည်း ဖြစ်တယ်ဆိုတာမျိုး ပြောတာ ကတော့ တော်တော့်ကို မကောင်းတဲ့ကိစ္စပေါ့””ဟု အဘ ဟံသာဝတီ ဦးဝင်းတင်က တုံ့ပြန်လိုက်ပါတယ်။

ဒါ့အပြင် ““ဦးအောင်သောင်း ဆိုရင်လည်း အရင်တုန်းက သူဘာလုပ်လဲ။ ကျောင်းဆရာ လုပ်တယ်။ နောက် စစ်တပ်ထဲဝင်တယ်။ အာဏာသိမ်းတယ်။ ဒါကို အမျိုးသား နိုင်ငံရေးလို့ ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသား နိုင်ငံရေး လုပ်တယ်၊ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း သူတို့ဟာ ကိုယ်ကျိုးရှာဖို့ အတွက် လောဘဇောတိုက်ပြီးတော့ နိုင်ငံရေးလုပ်ကြတာ ဆိုရင် ဘယ်လိုဖြေမလဲ””။ ““ဦးအောင်သောင်း ဆိုတဲ့သူ ကျွန်တော့်ထက် အသက်ကြီးကောင်း ကြီးလိမ့်မယ်။ ဒီတော့ ခင်ဗျားလည်း သေခါနီးနေပြီ။ ကျွန်တော် လည်း သေခါနီးနေပြီ။ လိပ်ပြာသန့်အောင် ခင်ဗျားဘာတွေ လုပ်နိုင်သလဲပြော။ ကျွန်တော့်မှာ လိပ်ပြာ သန့်အောင် ပြောနိုင်တဲ့ဟာတွေရှိတယ်။ အဲဒီလိုတွေပြောမယ်၊ အဲဒီလိုတွေ တိုင်းတာ ပြောကြမယ်ဆိုရင် ဘယ်ကောင်းမလဲ။ ဟုတ်လား။ ကျွန်တော့်မူဝါဒက ပုဂ္ဂိုလ်ရေး ထိုးနှက်တာတွေ မလုပ်ချင်ဘူး။ ဦးအောင် သောင်း အခုပြောတာက နိုင်ငံရေး ကျင့်ဝတ်မရှိတဲ့၊ နိုင်ငံရေးယဉ်ကျေးမှုမရှိတဲ့ သဘောဖြစ်နေတယ်။ ဒါလည်း ပြောဖို့ မကောင်းဘူး။ ပြောလည်း မပြောချင်ဘူး။ မူဝါဒနဲ့ ပတ်သက်ရင်တော့ တိုက်သင့်ရင် တိုက်ရမှာပဲ။ သတင်းစာတွေမှာလည်း ကျွန်တော်တိုက်တဲ့၊ ခိုက်တဲ့ဟာတွေ ပြောနေ၊ ရေးနေတာပဲ။ ဒါပေမဲ့ မူဝါဒနဲ့ ပတ်သက်ပြီး လုပ်တာ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ မလုပ်ဘူး”” လို့ ဦးအောင်သောင်းရဲ့ ပြောကြားချက် အပေါ်မှာ အဘဟံသာဝတီ ဦးဝင်းတင်က တုံ့ပြန်ခဲ့ပါတယ်။

ဒီနေရာမှာ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ပြန်လည် ချေပချက်နဲ့ ဦးအောင်သောင်းရဲ့ ပြောစကားတွေကို ကြည့်မယ် ဆိုရင် တကယ်အရေးပါတဲ့ အချက်က တိုင်းပြည်အပေါ် စေတနာထားချက်နဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ ထားမှုတွေကို တွေ့မြင်ရမှာပါ။ အခုလိုမျိုး နိုင်ငံရေးပါတီကြီးနဲ့ နှစ်ရှည်လများ နိုင်ငံရေးသမားအဖြစ် လုပ်ဆောင်ခဲ့ သူတွေရဲ့ ပြောဆိုချက်တွေအပေါ်မှာ ကျွန်တော့်အနေနဲ့ တခြားဘာကိုမှ မှတ်ချက်လည်း မပေးလို သလို ယူစရာ နမူနာကောင်း တစ်ခုအဖြစ်ပဲ သတ်မှတ်ထားမိပါတယ်။

မကြာခင် အချိန်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း တွေထွက်လာတော့မှာ ဖြစ်တဲ့အတွက် ဘယ်သူတွေကတော့ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုနိုင်ကြ မယ်ဆိုတာကို အဘဟံသာဝတီဦးဝင်းတင်၊ ဦးအောင်သောင်းတို့နဲ့ ချိန်ထိုးစဉ်းစား နိုင်ကြပါစေကြောင်း။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

Leave a comment