ရဟန်းရှင်လူများ ထောက်ခံသည့် ဦးဆန်းဆင့်ကို အစိုးရက ဖမ်းဆီး ထောင်ချခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်အဖြစ် ဆက်ရှိနေဟု ပါတီထိပ်တန်း ခေါင်းဆောင်များပြောကြား

Vol(4),No(21)_3

၂၀၁၂ ပထမအကြိမ်ပါတီညီလာခံတွင် ဗဟိုကော်မတီဝင်များဖြစ်ကြသော ၀န်ကြီးချုပ်ဦးသိန်းအောင်နှင့် ဦးဆန်းဆင့်တို့ကို တွေ့ရစဉ်

ရန်ကုန်၊ ဇူလိုင် ၂၉

ကြံ့ခိုင်ရေးပါတီမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် များက အကြောင်းအမျိုးမျိုးကြောင့် အစိုးရတာဝန်များမှ အနားယူခြင်း ခံရသော်လည်း ပါတီဗဟိုမှ ၎င်းတို့ကို ထုတ်ပယ်ခြင်းမရှိဘဲ မူလရာထူး တာဝန်များတွင် ဆက်လက် အသိအမှတ်ပြုထားကြောင်း ပါတီဗဟို အလုပ် အမှုဆောင် ကော်မတီဝင် အချို့က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ကြံ့ခိုင်ရေးပါတီ၏ ပါတီစည်းကမ်း ဖောက်ဖျက်ခြင်း မရှိဘဲအစိုးရ တာဝန်မှ အနားပေးခြင်း ခံရသည့် သူများဖြစ်၍ ၎င်းတို့ကို လက်တွဲ မဖြုတ်ခြင်းဖြစ်ကြောင်း၊ ထင်ရှားသည့် ဖြစ်စဉ်တွင် ပါဝင်သည့် ပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အစိုးရက အရေးယူ ထောင်ချခဲ့သော်လည်း ဦးဆန်းဆင့်အနေဖြင့် ပါတီတာဝန်မှ အနားမပေးကြောင်း ပါတီဗဟို အတိုင်ပင်ခံ တစ်ဦးက မြန်မာသံတော်ဆင့် သို့ ပြောကြားခဲ့သည်။

Vol(4),No(21)_4

သမ္မတဦးသိန်းစိန် လျစ်လျူရှုခဲ့သော မန္တလေးမြို့မှ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးများ ကိုယ်တိုင် ဦးဆန်းဆင့်ဘက်မှ လက်မှတ်ရေးထိုးထောက်ခံ၍ မေတ္တာရပ်ခံပေးပို့ခဲ့သောစာမိတ္တူအချို့

ဦးဆန်းဆင့်နှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းက-

““ဦးဆန်းဆင့်ကတော့ အဘတို့ ပါတီဘက်က ဘာမှအရေးယူ ဆောင်ရွက် ထားတာမရှိဘူး။ ထုတ်ပယ်တာတို့ ဘာတို့မလုပ်ပါဘူး””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် အနားယူခဲ့ရသော ပြည်ထောင်စု ၀န်ကြီးများဖြစ်သည့် ဦးဇော်မင်း (ပါတီတွဲဖက် အထွေထွေ အတွင်းရေးမှူး)၊ ဦးခင်မောင်မြင့် (ပါတီဗဟို အလုပ်အမှုဆောင်)၊ သူရဦးမြင့်မောင် (ပါတီဗဟိုအလုပ်အမှုဆောင်)၊ ဦးဆန်းဆင့် (ပါတီဗဟိုကော်မတီဝင်)၊ ဦးအောင်ကြည် (ပါတီ ဗဟို ကော်မတီဝင်) တို့သည် ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ထုတ်ပယ်ခြင်း မပြုဘဲ ပါတီတာဝန်အတိုင်း အသိအမှတ်ပြုထားခြင်း ခံထားရသည်။ ၎င်းတို့အထဲတွင် ပါတီဗဟိုကော်မတီဝင် ဦးဆန်းဆင့် အရေးယူခံရမှု ဖြစ်စဉ်၌ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့နှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် မှ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ဆရာတော်ကြီးများ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များနှင့် ရဟန်းရှင်လူ ပြည်သူ ၁ သိန်းကျော် စုပေါင်း လက်မှတ်ရေးထိုး၍ ဦးဆန်းဆင့် ဘက်မှ ထောက်ခံကာ ပြန်လည်လွတ်မြောက်ရေးအတွက် သမ္မတထံ တောင်းဆိုခံရသည့် ကြံ့ခိုင်ရေး ပါတီဗဟိုကော်မတီ၏ ထင်ရှားသူတစ်ဦး ဖြစ်သော်လည်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း သမ္မတ ဦးသိန်းစိန်က ဆရာတော်ကြီးများ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များနှင့် တောင်းဆိုသူ ပြည်သူများ ကို မည်သည့်အကြောင်း တုံ့ပြန်မှုမျှ မပြုခဲ့ဘဲ ဦးဆန်းဆင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရရုံသာမက သရေစည်သူဘွဲ့ကိုပင် သမ္မတဦးသိန်းစိန်က ပြန်လည်ရုပ်သိမ်းသည့် အမိန့်စာကို ဆက်လက် ထုတ်ပြန်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်အစိုးရမှ ထွက်ခဲ့ရသော ကြံ့ခိုင်ရေးပါတီဗဟို ကော်မတီဝင်များအနေဖြင့် ပါတီဗဟိုမှ ၎င်းတို့၏ ဆန္ဒအလျောက် ဆက်လက်ပါဝင်စေလိုကြောင်း သဘောထားပေးခဲ့ပြီး အဆိုပါ အစိုးရထွက် ပါတီ ဗဟိုကော်မတီဝင်များသည် ပါတီသို့ လာရောက်ကြကြောင်း သိရှိရသည်။

MH-0011

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

Leave a comment