မပြောချင်လည်း ပြောမှဖြစ်မယ် – ပဏ္ဍိတရေးသည်

လူ့ဗာလတို့ မိုက်စမသိမ်းလျှင်ဖြင့်

ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) အပါအ၀င် အခြေခံဥပဒေ မပြင်ဆင်ရေးဆိုတာ လွှတ်တော် ကိုယ်စားလှယ်ကြီးတို့ ကိုယ်စားပြုတဲ့ အစေခံတပ်ကြီးရဲ့ နောက်ဆုံးခံတပ်၊ တံတိုင်းကြီးဆိုတာ ပဏ္ဍိတတို့သိပါ ရဲ့။ ပြည်သူတွေ လည်း သိပါရဲ့။ ဒါကြောင့်မို့လို့လည်း ပြည်သူ ၅သန်းကျော်က လက်မှတ်ရေး ထိုး တောင်းဆိုထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ခြေကန်ငြင်းဆန် လို့ ပြည်သူ့အစေခံက ပြည်သူကို အစေခံပြန်လုပ်နေတဲ့ စစ်အာဏာရှင်ခေတ်ကြီးကို ဆွဲဆန့်နေ သလားလို့တောင် ပဏ္ဍိတ ထင်မိပါရဲ့ …

Vol4,No17_17

  • သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာရှည်လှပြီ။
  • အတည်ကျကျ၊ ဘယ်ဘ၀၊ ရကြ မရှိပြီ။
  • ရအံ့နိုးနိုး၊ လောဘမျိုး၊ အကျိုးယုတ်လှပြီ။
  • သုံးပါးညီးညီး၊ လောင်မီးကြီး၊ ဖိစီးလှလေပြီ။
  • လောင်မှန်းမသိ၊ မောဟဖိ၊ မိုက်မိလှလေပြီ။
  • ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနဲလှပြီ။
  • ကာမဂုဏ်မွဲ၊ သည်မိုက်ခဲ၊ မခွဲနိုင်ကြပြီ။
  •  မခွဲနိုင်ကြ၊ လူ့ဗာလ၊ မိုက်စသိမ်းသင့်ပြီ။

ထွဋ်ခေါင် ဆရာတော်ဘုရားကြီး ဦးဉာဏ၀န္တရဲ့ ကမ္မဋ္ဌာန်း သံပေါက်လင်္ကာကို ဘာရယ်မဟုတ် ပဏ္ဍိတ ထပ်ခါထပ်ခါ ရွတ်ကြည့်နေတာပါ။ “ကာမဂုဏ်မွဲ၊ သည်မိုက်ခဲ၊ မခွဲနိုင်ကြပြီ။ မခွဲနိုင်ကြ လူ့ဗာလ မိုက်စ သိမ်းသင့်”ပြီ ဆိုတဲ့အပိုဒ်ကို ပဏ္ဍိတ နှုတ်ထဲ ခံတွင်းတွေ့နေမိတယ်။

ပဏ္ဍိတတို့ လူ့ဘုံခန်းဝါ (သြော် … လူ့ဘုံခန်းဝါဆို အပြောကျယ်လှပါတယ်) မြန်မာပြည်မှာပေါ့ဗျာ။ အဲပိုပြီး ထိထိမိမိရှိအောင် ပြောရရင်တော့ လွှတ်တော်မှာ မိုက်စမသိမ်းသေးတဲ့ လူ့ဗာလတွေ တစ်ပုံတစ်ပင် မြင်တွေ့ နေရတော့ကာ ပဏ္ဍိတ ဒီအပိုဒ်လေးကိုပဲ ထပ်ခါ၊ ထပ်ကာ ရွတ်နေချင်မိတယ်။

ပဏ္ဍိတ ဒီတစ်ပတ် ပြောချင်၊ ဆိုချင်တာက တစ်ရက်က လွှတ်တော်မှာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့တဲ့ ကိစ္စပေါ့ဗျာ။ မပြောချင် မဆိုချင်လည်း ပြောရဆိုရမယ့်ကိစ္စက ပြည်သူလူထုကို အရေးနည်းနည်းမှ မလုပ်တဲ့ ပြည်သူ့ကျွန်တွေကိုပေါ့ဗျာ။ ကျွန်လို့သုံးတော့ ပဏ္ဍိတ နည်းနည်းရိုင်းသလို ဖြစ်သွားတယ်။ အစေခံပေါ့ဗျာ။ အစေခံမပီသတဲ့ အစေခံတွေပါ။

ဘယ်သူတွေလဲဆိုတော့ကာ လွှတ်တော်မှာ အထက်က အမိန့်အရ လာလာထိုင်နေသူ ၂၅ ရာခိုင်နှုန်း (အရပ်ထဲမှာတော့ အစိတ်သားဆိုလား ပြောကြပါတယ်၊ ပဏ္ဍိတကတော့ အရပ်ထဲက အသုံးတွေ မသုံးပါဘူး) ကို ပြောတာပါ။

အစေခံဆိုလို့ ရွှေစိတ်တော်တွေလည်း မငြိုငြင်ကြနဲ့နော်။ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်က စကားအတိုင်း ပြောရင် ငြိုငြင်လည်း ဂရုမစိုက်ဘူး။ ပဏ္ဍိတတို့က ပြောစရာရှိ ပြောရမှာပဲလေ။ အစေခံဆိုတာလည်း ပဏ္ဍိတ သုံးနှုန်းတာမဟုတ်ဘူးနော်။ တပ်မတော်ကြီးရဲ့ ဖခင်လို့ပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပြောခဲ့တာပါ။

““ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်။ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင် ပြောပြတာပဲ””

ဗိုလ်ချုပ်မိန့်ခွန်းဆိုလို့ မတိမကျမရေရာ၊ လေသံကြား ဖမ်းတရားနာပြီး ကိုယ်လိုရာဆွဲရေးထားတာ မဟုတ်ပါဘူး။ ပဏ္ဍိတတို့က တပ်မတော် ကိုယ်စားလှယ်ကြီးတွေထက် တိတိကျကျ ဖော်ပြနိုင်ပါရဲ့။

အထက်က ပဏ္ဍိတပြောထားတဲ့ စကားစုက ဂျပန်ခေတ် ၁၉၄၄-ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်မှာ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲမှာ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနဲ့ စစ်ဝန်ကြီး တာဝန်ယူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တာပါ။ လိုချင်ရင် ပဏ္ဍိတဆီမှာ အဲဒီမိန့်ခွန်း အစအဆုံး ရှိပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကြီးများကျတော့ ဗိုလ်ချုပ်တို့မိန့်ခွန်းကို အစအဆုံးပဲ မဖတ်ဖြစ် သလား။ လိုရာပဲ ဆွဲသုံးလေသလားဆိုတာ ပဏ္ဍိတတို့မသိပေမယ့် ကိုယ်စားလှယ်တော်ကြီးတို့ကတော့ ကိုယ့်လိပ်ပြာ ကိုယ်သာသိမှာပဲနော်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တစ်ဦးက မှင်မောင်းကောင်းကောင်းနဲ့ အာပေါင် အာရင်းသန်သန်နဲ့ ပြည်ထောင်စုလွှတ်တော်ကြီးမှာ ခပ်တည်တည်ကြီးနဲ့ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြောခဲ့တာလေး ပဏ္ဍိတ ပရိသတ်တွေ သိအောင် ဖောက်သည်ချပါဦးမယ်။

တိုင်းပြုပြည်ပြု လွှတ်တော်က တိုက်ရိုက် ရွေးကောက်ပွဲမှာ အမျိုးသား မဖော်နိုင်တဲ့သူများ မပါစေရပါဘူး။ အိန္ဒိယမှာတောင် နိုင်ငံခြားသား မပါဘူးဆိုပေမယ့် နည်းနည်းမပါသေးဘူး။ ကျွန်တော်တို့ကတော့ လုံးဝ လက်မခံဘူး ဆွေးနွေးသွားခဲ့တာ ဖြစ်ပါတယ်တဲ့။

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမူရင်းအမှန်က “တိုင်းပြုပြည်ပြု လွှတ်တော်က တိုက်ရိုက် ရွေးကောက်ပွဲမှာ အမျိုးသား မဖော်ဆောင်နိုင်တဲ့သူများ မပါရဘူးလို့ ဖဆပလက တောင်းခိုင်းတယ်။ ရသလားမေးရင် ရတယ်လို့ ဖြေရမယ်။ အိန္ဒိယမှာတောင် နိုင်ငံခြားသား မပါရဘူး ဆိုပေမယ့် နည်းနည်းပါးပါး ပါသေးတယ်။ ကျွန်တော်တို့ ကတော့ လုံးဝရပါတယ်”လို့ ဖြစ်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်ကြီးများက စကားလုံး ခြုံငုံမိလောက်အောင် နားလည်နိုင်စွမ်း အားနည်းသလား တမင်တကာ ပြုပြင်ပြောင်းလဲသလား၊ ဆိုတာတော့ လွှတ်တော် ကိုယ်စားလှယ်ကြီးတို့ပဲ သိမှာပါ။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ကြီးရဲ့ အမှားကို ပီပီပြင်ပြင် ထောက်ပြပြောဆိုခဲ့သူက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညိုပါ။

ဗိုလ်ချုပ်ကို ဒီလိုပြယုဂ်ဆန်ဆန် လိုရာဆွဲသုံးဖို့ရာ ပထမဦးဆုံး အကြံရသူက နိုင်ငံပိုင် သတင်းစာများပါ။ လိုရာကို ထောက်ထားတဲ့ မိန့်ခွန်းအပိုင်းအစတွေကို သတင်းစာခေါင်းစီးတွေမှာ အချိန်ကိုက် အခါကိုက် တလွဲအဓိပ္ပာယ် ကောက်ယူနိုင်အောင် ဖော်ပြခဲ့တာပါ။

ဒုတိယကတော့ ဗိုလ်ချုပ်ရုပ်ပုံ သုံးစွဲပြီး မဲဆွယ်မယ့် တပ်မတော် ကိုယ်စားလှယ်တွေရဲ့ ပုလင်းတူဘူးဆို့ မိတ်ဖက်ပါတီဖြစ်တဲ့ ပြည်ထောင်စုနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပါပဲ။

အကြံပက်စက် ဆန်ကောလောက်မှ စောက်မနက်ခဲ့တာလည်း ကြာပြီဆိုတော့ ပဏ္ဍိတတို့ အထူးအထွေ မှတ်ချက် မပေးတော့ပါဘူး။

ဗိုလ်ချုပ်လို ကမ္ဘာမှာ အထင်ကရ၊ နိုင်ငံမှာ အထင်ကရ ပုဂ္ဂိုလ်ကြီး မိန့်ခွန်းကိုတောင်မှ ပြောင်းပြန်လှန်ရဲတဲ့ သတ္တိကတော့ ချီးကျူးစရာပါ။ အဲဒါကိုတွေ့တော့ ကိုယ်စားလှယ်တော်ကြီးတို့ရဲ့ အထင်ကရ သီချင်းဖြစ်တဲ့ “ရဲသော်မသေ၊ သေသော်ငရဲမလားပြီ”ဆိုတဲ့ သီချင်းကိုတောင် သတိရသေးတယ်။

ရဲသော် မသေ၊ သေသော် ငရဲမလားပြီဆိုတာ နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် အသက်ကို ရဲရဲဝံ့ဝံ့ စွန့်လွှတ်ရင် သာ ငရဲမလားနိုင်တာနော်။ မုသာဝါဒတွေ ရဲရဲကြီး ကျူးလွန်ရင်တော့ ငရဲလားနိုင်တယ်ဆိုတာ လွှတ်တော် ကိုယ်စားလှယ်ကြီးတို့ သိစေချင်ပါတယ်။

ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) အပါအ၀င် အခြေခံဥပဒေ မပြင်ဆင်ရေးဆိုတာ လွှတ်တော် ကိုယ်စားလှယ်ကြီးတို့ ကိုယ်စားပြုတဲ့ အစေခံတပ်ကြီးရဲ့ နောက်ဆုံးခံတပ်၊ တံတိုင်းကြီးဆိုတာ ပဏ္ဍိတတို့သိပါရဲ့။ ပြည်သူတွေလည်း သိပါရဲ့။

ဒါကြောင့်မို့လို့လည်း ပြည်သူ ၅ သန်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ခြေကန် ငြင်းဆန်လို့ ပြည်သူ့အစေခံက ပြည်သူကို အစေခံပြန်လုပ်နေတဲ့ စစ်အာဏာရှင် ခေတ်ကြီးကို ဆွဲဆန့် နေသလားလို့တောင် ပဏ္ဍိတထင်မိပါရဲ့။

ဒါမှမဟုတ်ရင်လည်း စစ်အာဏာရှင် စနစ်ကြီးကို အသက်သွင်းတော်မူခဲ့သော ဘဘဗိုလ်ချုပ်ကြီးများ နောင်ရေး ကို ဆက်လက် ကာကွယ်ပေးနေသလားပေါ့။ ဒါပေမဲ့ ခုမြင်နေရသလောက်တော့ ဆက်လက်စိုးစံလိုစိတ် အပြည့်အ၀ ရှိနေတယ်ဆိုတာ လုပ်ရပ်တွေက သက်သေ ထင်ရှားနေလေရဲ့။

ပုဒ်မ ၄၃၆၊ ၅၉(စ) အပါအ၀င် ဥပဒေ ၆ ခုကို ၁၂ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးပြီးနောက်မှာတော့ မဲခွဲဆုံးဖြတ်ရာမှာ စကားလုံးလောက်သာ ပြောင်းထားတဲ့ ပုဒ်မ၅၉(ဃ) ကလွဲရင် မပြင်ခဲ့ပါဘူး။

အစကတည်းကလည်း ပြင်ဖို့အစီအစဉ်မရှိဘဲနဲ့ ပြည်သူ့ဘဏ္ဍာငွေ ဖြုန်းတီးလို့ ကော်မတီတွေဖွဲ့၊ ပြင်ဆင်ရေး တွေ ဟန်ပြ ဆွေးနွေး၊ တွေ့ဆုံဆွေးနွေးပွဲတွေ ဟန်ပြလုပ်လို့ အမှန်သရုပ်ကို ဖုံးထားခဲ့လေရဲ့။

ဘယ်လောက်ပဲ ဖုံးထား၊ ဖုံးထား လူကလူ၊ ဘီလူးကဘီလူး အချိန်တန်တော့လည်း သဏ္ဌာန်လုပ်သည် ဘယ်လောက်ပဲတူတူ ဟန်လုပ်ထားသမျှက မျက်နှာဖုံးတွေ ကွာကျခဲ့တာပါပဲ။

အဲဒါကြောင့်လည်း ၄၃၆ လည်းမပြင်ဖြစ်ရော တပ်မတော်သား ကိုယ်စားလှယ်တော်ကြီးများက အားရ၀မ်းသာ လက်ခုပ်လက်ဝါးတွေ တပျော်ကြီး ထတီးတာကို အံ့သြဘနန်း မြင်တွေ့ခဲ့ရပါရဲ့။

ကိုယ်စားလှယ်တော်ကြီးတို့ရေ

  • သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာရှည်လှပြီ။
  •  အတည်ကျကျ၊ ဘယ်ဘ၀၊ ရကြမရှိပြီ။
  •  ရအံ့နိုးနိုး၊ လောဘမျိုး၊ အကျိုးယုတ်လှပြီ။
  •  သုံးပါးညီးညီး၊ လောင်မီးကြီး၊ ဖိစီးလှလေပြီ။
  • လောင်မှန်းမသိ၊ မောဟဖိ၊ မိုက်မိလှလေပြီတဲ့။

ထွဋ်ခေါင်ဆရာတော်ဘုရားကြီးက မြတ်စွာဘုရားရဲ့တရားတော်များကို ဦးထိပ်တင်လို့ လူ့ဗာလတွေအတွက် သံပေါက်လင်္ကာလေး စပ်ခဲ့ပါလေရဲ့။

ရအံ့နိုးနိုးနဲ့ လောဘမီး၊ ဒေါသမီး မောဟမီး သုံးပါးသော လောင်မီးတွေ ဖိစီးလို့ အာဏာတွေအတွက်၊ ရာထူး တွေအတွက်၊ စည်းစိမ်တွေအတွက်၊ ဂုဏ်သိန်တွေအတွက် လောင်မြိုက်ခံလို့ တစ်ပြည်လုံး အကျိုးစီးပွားကို မျက်ကွယ်ပြုပြီး ကိုယ့်အတွက် ကိုယ်ရှာနေသမျှ နောင်သံသရာရှည်ဖို့ချည်းပါပဲ။

ကိုယ်စားလှယ်တော်ကြီးတို့လည်း တရားရှာကိုယ်မှာတွေ့ဆိုသလို ကိုယ့်ကိုယ်ထဲက လိုချင် တပ်မက်မှု လောဘတွေ၊ တွေဝေမိုက်မဲမှု မောဟတွေ၊ ရန်လိုမှုဒေါသတွေ ဖယ်ခွာမချရင်တော့ နောင်သံသရာ အဆက်ဆက်ပါမှာ မကြောက်လှဘူးလားလို့ ပဏ္ဍိတက မေးချင်ပါရဲ့။

ကာမဂုဏ်မွဲ၊ သည်မိုက်ခဲ၊ မခွဲနိုင်ကြပြီ။

မခွဲနိုင်ကြ၊ လူ့ဗာလ၊ မိုက်စသိမ်းသင့် ပြီလို့ ပဏ္ဍိတ စေတနာကောင်းနဲ့ ထပ်လောင်း သတိပေးပါရစေလို့။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

Leave a comment