မိုးရွာသွန်းမှုစတင်လိုက်သည်နှင့် ထုံးစံအတိုင်း ရန်ကုန်မြို့ပြ ၌ ရေလျှံမှုများဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများလည်း ကြုံတွေ့ခဲ့ကြရ သည်။ ယခင်အစိုးရလက်ထက်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီး ရန်ဟူသော ခေါင်း စဉ်များဖြင့် နိုင်ငံတော် ဘတ်ဂျက်(ပြည်သူ့ဘဏ္ဍာငွေ) အမြောက် အမြားကို ထုတ်ယူသုံးစွဲ ခဲ့သော်လည်း မိုးရွာတိုင်း ရေကြီးရေလျှံမှု ဒုက္ခကို ကြုံတွေ့ နေကြရဆဲဖြစ်သည်။ နိုင်ငံ့ဘဏ္ဍာငွေ အမြောက် အမြားကို ထုတ်ယူသုံးစွဲ၍ အကောင်အထည်ဖော်ခဲ့သောစီမံကိန်း များစွာတွင် အကျင့်ပျက်ခြစားမှုများလွှမ်းမိုးခဲ့ သဖြင့် ပြည်သူ လူထုအတွက် ကောင်းကျိုးမဖြစ်ရုံမျှမက ဆိုးကျိုးပေးနိုင်သာစီမံကိန်း များပင် ရှိနေခဲ့သည်။ အကျင့်ပျက်ခြစားမှု ဒဏ်ခံခဲ့ရသော အများပြည်သူတို့၏ အခြေခံအဆောက်အအုံများစွာအနက် အချို့သောတည်ဆောက်မှုများ မှာ ဘေးအန္တရာယ်ကိုပင် ဖန်တီးထားသကဲ့သို့ဖြစ်နေသည်။
ဥပမာအားဖြင့် ယခုရက်ပိုင်းအတွင်း မိုးကြီးသဖြင့် စမ်းချောင်းမြို့နယ်ရှိ အောင်ချမ်းသာ ရေနုတ်မြောင်းပေါင်များ ပြိုကျပျက်စီးမှုများဖြစ်ပြီး မြောင်းအနီးမှ တိုက်များအတွက် စိုးရိမ်နေရသည်ဟူသော သတင်းမျိုးကို ကြားနေရ သည်။ ရေနုတ်မြောင်းများ စနစ်မကျခြင်း၊ ပိတ်ဆို့ခြင်းတို့ကြောင့်လည်း မိုးကြီးသည့်အခါ တိုင်း ရေမြောင်းများရေ လျှံ၍ ရေဆိုးများနေအိမ်များအတွင်း ၀င်ရောက်သည့်ဒဏ်ကိုလည်း ကြုံတွေ့ခံစားနေကြရသည်။ ထို့ထက်ပိုဆိုးသည်မှာ အခြေခံအဆောက်အအုံများ ချို့ယွင်းအားနည်းသဖြင့် အသက်ဘေးအန္တရာယ်ကိုပင် ခြိမ်းခြောက်နေခြင်းဖြစ်သည်။…
မေလ ၂၄ ရက်တွင် ရန်ကုန်မြို့လယ်ကောင်၌ ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး လမ်းလျှောက်ရင်း ဓာတ်လိုက်သေဆုံးရသည့်ဖြစ်ရပ်က ပြည်သူလူထု၏ ဘေးအန္တရာယ် မလုံခြုံမှုအတိုင်းအတာ မည်မျှကျယ်ပြန့်နေသည်ကိုပြသသည်။ လျှပ်စစ်ဘေးအန္တရာယ်ကြုံတွေ့နေရသည်မှာ ရန်ကုန်တစ်မြို့တည်းမဟုတ်ပေ။ မန္တလေးမြို့၌ မေလ ၂၀ ရက်တွင် လုပ်ငန်းခွင်၌ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့သေးသည်။ အခြားဒေသများမှာလည်း ဓာတ်လိုက်သေဆုံးမှုသတင်းများကို ကြားခဲ့ရသည်။ ယခင်အစိုးရလက်ထက်ကဆိုလျှင် ဓာတ်ကြိုးပျက်ကျ၍ လမ်းသွားလမ်းလာများ၊ လမ်းဘေးဈေးသည်များ ဓာတ်လိုက်သေဆုံးရသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့ဖူးသည်။
ပြည်သူလူထုအတွက် ဘေးအန္တရာယ်လုံခြုံစိတ်ချရမှုအားနည်းသည်မှာ လျှပ်စစ်တစ်ခုတည်းမဟုတ်ပေ။ ဖားကန့်တွင် ဖြစ်ပွားနေသော မြေစာပုံပြိုကျ၍ လူအမြောက်အမြား မကြာခဏသေဆုံးနေရသည့်ဖြစ်ရပ်များက ပိုမိုသွေးပျက်စရာကောင်းသည်။ သဘာဝဘေးအန္တရာယ်မဟုတ်ဘဲ လူတို့ဖန်တီးသဖြင့် အချိန်မရွေးကြုံတွေ့နိုင်သော ဘေးအန္တရာယ် အမျိုးမျိုးက နေရာမရွေးတွင် ရှိနေသည်။ စီမံအုပ်ချုပ်သောအဖွဲ့အစည်းများ၏ အားနည်းချို့ယွင်းမှုများကြောင့်လည်းကောင်း၊ စည်းမဲ့ကမ်းမဲ့ယာဉ်မောင်းများ၊ စပယ်ယာများကြောင့် လည်းကောင်း ခရီးသွားပြည်သူများမှာ ယာဉ်အန္တရာယ်လုံခြုံစိတ်ချရမှုမရှိဘဲ ရင်တမမနှင့်နေ့စဉ်သွားလာနေကြရသည်။ အကျင့်ပျက်ခြစားမှုအကျိုးဆက်ဖြစ်သည့် ကြံ့ခိုင်မှုအား နည်းသော လမ်းတံတားများ၊ တာတမံများ၊ လျှပ်စစ်ဖြန့်ဖြူးရေးစနစ်များ၊ စည်းကမ်းမဲ့ခွင့်ပြုထားသော စီမံကိန်းလုပ်ငန်းခွင်များ၊ အဆောက်အအုံများ စသည်တို့ကြောင့် အချိန်အခါမရွေး နေရာစုံ၌ ဘေးအန္တရာယ်ခြိမ်းခြောက်မှုများရှိနေသည်။
ပြည်သူလူထုအတွက် လုံခြုံစိတ်ချရမှုအားနည်းနေခြင်းမှာ ထိုမျှမကသေးပေ။ တရားဥပဒေစိုးမိုးမှု အားနည်းချို့ယွင်းချက်များကြောင့်လည်း မြန်မာပြည်သူတို့ဘ၀ လုံခြုံစိတ်ချရမှုနည်းပါးနေဆဲဖြစ်သည်။ ရာဇ၀တ်သားများ လွယ်လင့်တကူ ပြစ်မှုကျူးလွန်နိုင်သည့် အခြေအနေမျိုးရှိနေခြင်း၊ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးအရေးယူနိုင်မှုအားနည်းခြင်း၊ ဥပဒေအရာ၌အားနည်းချို့ယွင်းမှုများရှိခြင်း၊ ဥပဒေကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှုအားနည်းခြင်း၊ တရားစီရင်ရေးမဏ္ဍိုင် ယိုင်နဲ့ခြင်း စသောအကြောင်း တရားများရှိနေပါက တရားဥပဒေစိုးမိုးမှုပျက်ယွင်းကာ နိုင်ငံသားတို့အတွက် လုံခြုံစိတ်ချရမှုကို အာမခံနိုင်မည်မဟုတ်ပေ။ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်မည့်ဥပဒေများ ပေါ်ပေါက်လာစေရန် ရှိရင်းစွဲဥပဒေများအား ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းများလုပ်ဆောင်၍ ဥပဒေ၏အကျိုးသက်ရောက်မှုကို ခံစားရရှိနိုင်စေရန်အတွက် ဥပဒေများကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်သူများအား ဖိနှိပ်မည့်ဥပဒေများမဖြစ်ဘဲ ပြည်သူကို ကာကွယ်စောင့်ရှောက်သောဥပဒေများဖြစ်ရန် လိုအပ်သည်။ ဥပဒေအရာ၌ နိုင်ငံသားတိုင်း တန်းတူညီမျှမှုကို ရရှိနိုင်ရေးအတွက် တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်လာစေရန် ပြုပြင်ပြောင်းလဲမှရမည် ဖြစ်သည်။
ဆိုရလျှင် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသူနိုင်ငံသားများ၏လူမှုဘ၀များသည် အဘက်ဘက်တွင် လုံခြုံစိတ်ချရမှု အားနည်းနေဆဲဖြစ်ပြီး ကျီးလန့်စာစားဘ၀များမှ မလွတ်မြောက်ကြသေးပေ။ ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူလူထု၏လူမှုဘ၀များ လုံခြုံစိတ်ချရမှုရှိစေရေးကို အလေးပေး ထည့်သွင်းစဉ်းစား သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
အယ်ဒီတာ
၂၅-၅-၂၀၁၆
