နည်းပညာတိုးတက်နေတဲ့ကာလမှာ ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို လိုချင်သလို ဖန်တီးလို့ရနေတာမို့ လက်ခံရရှိတဲ့ ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေဟာ အစစ်အမှန် ဟုတ်၊ မဟုတ် ဆိုတာ စစ်ဆေးဖို့ သတင်းဌာနမှာ အလုပ်ပိုလာပါတယ်။ အထူးသဖြင့် ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာတွေဟာ သတင်းအရင်းအမြစ်တစ်ခုအနေနဲ့ အသုံးချလို့ရတယ်ဆိုပေမယ့် သတင်းထောက်အနေနဲ့ အရာရာကို ချင့်ချိန် စဉ်းစားတတ်ဖို့လိုပါတယ် . . .
သတင်းထောက်မရှိရင် သတင်းဌာနရပ်တည်လို့မရ၊ သတင်းအရင်းအမြစ်မရှိရင်လည်း သတင်းထောက်အဖြစ်ရပ်တည်လို့ မရ ဆိုတဲ့ စကားအတိုင်း သတင်းဌာနဟာ သူ့သတင်းထောက်တွေနဲ့ အမြဲမပြတ်ထိတွေ့နေဖို့လိုသလို သတင်းထောက်ကလည်း သူ့သတင်းအရင်း အမြစ်နဲ့ အမြဲမပြတ်ထိစပ်နေဖို့လိုပါတယ်။ သတင်းထောက်ကောင်း တစ်ယောက်ဖြစ်ဖို့ ပထမ ဆုံးအရည် အချင်းဟာ သတင်းအရင်းအမြစ်တွေနဲ့ သတင်းထောက်ကြားက ဆက်ဆံရေး ရေချိန် အနိမ့်အမြင့်ပေါ် မူတည်တယ်လို့ ယူဆကြ ပါတယ်။ မနက်မိုးလင်း အိပ်ရာထတာနဲ့ ကိုယ့်ရဲ့သတင်းအရင်းအမြစ်ကို ဖုန်းဆက်နှုတ်ဆက်ခြင်းဟာ သတင်းထောက်အတွက် Golden Theory တစ်ခုလို့တောင် ဆိုထားပါတယ်။ သတင်းကိစ္စအတွက် သက်သက်မဟုတ်၊ လူမှုရေး အရပါ ကိုယ့်ရဲ့သတင်း အရင်းအမြစ်ကို စဉ်ဆက်မပြတ် ထိစပ်ပေးနေဖို့ လိုတယ်ဆိုတဲ့ သဘောပါ။ ဒီလို ဆက်ဆံရေးဟာ သတင်းအရင်းအမြစ်တွေက သတင်းသမားလို့မမြင်တော့ဘဲ ငယ်သူချင်းတစ်ယောက်လို၊ မိတ်ဆွေကောင်း တစ်ယောက်လို ယုံကြည်သဘောထားလာ ရုံမက သတင်းပေးခြင်း အဆင့်ကနေသတင်းကို ရှာဖွေတူးဆွ ပေးနိုင်မယ့်နည်းလမ်းတွေပါ ကူညီပေးလာနိုင်ပါတယ်။…
ဘေးထွက်ဆိုးကျိုးနဲ့
Healthy Skepticism
တစ်ချိန်တည်းမှာလည်း သတင်းထောက်ဟာ သတင်းအရင်းအမြစ်တွေရဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုကိုလည်းသတိထား ဖို့လိုပါ တယ်။ တစ်ခါတလေမှာ သတင်းအရင်း အမြစ်တွေဟာ သူတို့ ဖြစ်စေချင်တာ၊ သူတို့ ထုတ်လွှင့်စေချင်တာလေးတွေကို မသိ မသာ ဖိအားပေးပြောတတ် ရေးတတ်ပါတယ်။ အဲဒီလိုအခြေ အနေမျိုးကြုံလာရင် ကိုယ်ပိုင်သတင်း အရင်းအမြစ်ဖြစ်နေတယ် ဆိုရင် နှစ်ဖက်ယုံကြည်မှု မပျက်ပြားအောင်ကြိုးစားရသလို သတင်းထောက် ကျင့်ဝတ်ကိုလည်း မထိခိုက်ဖို့ သတိထားရ ပါ တယ်။ ကိုယ်ပိုင်မဟုတ်တဲ့သတင်းအရင်း အမြစ်တွေဆိုရင်တော့ Healthy Skepticism or Systematic doubt လို့ခေါ်တဲ့ စူးစမ်းအဖြေရှာလိုစိတ်ကိုအခြေခံတဲ့ သံသယအမြဲထားရပါတယ်။ ဒီလိုအမြဲရှိနေဖို့ဆိုရင် သတင်းထောက်ဟာ (Why) ဘာ ကြောင့်လဲ ဆိုတဲ့သံသယအဖြေကို မိမိဘာသာမေးမြန်း အဖြေရှာဖွေနိုင်ဖို့လိုပါတယ်။ ဘာကြောင့် ဒီအချိန်မှာ ဒီသတင်းပေးတာ လဲ၊ ဒါမှမဟုတ် ဘာကြောင်ဒီအချိန်မှာ ဒီသတင်းထုတ်ပြန်တာလဲ၊ ဘာကြောင့် ဒီအချိန်မှာပြောတာလဲ စတဲ့ ဘာကြောင့် ဖြစ်မလဲ (Why) ဆိုတာကို ကျိုးကြောင်းဆီလျော်တဲ့ အဖြေတစ်ခုခု အရင်ထုတ်နိုင်ဖို့လိုပါတယ်။ ဒီလို အဖြေထုတ်ပြီးမှ သတင်းလုပ်သင့်၊ မလုပ်သင့် လုပ်သင့်တယ်ဆိုရင် ဘယ်လိုသတင်းထောင့်က လုပ်မယ်ဆိုတာမျိုး နောက်တစ်ဆင့် တက်စဉ်းစားနိုင်မှာပါ။ အရင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံတကာက အကောင်းမြင်ချဉ်းကပ်နည်းတွေနဲ့ ချီးကျူးကြ၊ ဂုဏ်ပြုကြ၊ ချေးငွေတွေလျှော်ကြ၊ ပိတ်ဆို့မှုတွေရုပ်သိမ်းကြ ရင်းနှီးမြှုပ်နှံမူတွေလည်း အလုံးအရင်းနဲ့ဝင်လာကြချိန်။ မှတ်မှတ်ရရ ၂၀၁၂ခုနှစ် ဗန်ကောက်မှာ ကျင်းပတဲ့ World Economic Forum မှာ ဒေါ်အောင်ဆန်းစုကြည် (ယခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ်)သုံးခဲ့ တဲ့စကားလုံးတစ်ခုရှိခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု လုပ်ငန်းစဉ်တွေအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အလွန် အကြူးအကောင်းပဲ မြင်မနေဘဲ Healthy Skepticism နည်းနည်းလောက်တော့ရှိဖို့လိုမယ်ဆိုတဲ့ စကားလေးပါ။ မီဒီယာ ဘာသာ ရပ်ကို သင်ယူလေ့လာမယ် ဆိုရင်တော့ စာသင်ခန်းထဲမှာ ထပ်တလဲလဲ ကြားနေရမယ့်၊ သင်ယူနေရမယ့် စကားလုံးဟာ အဲဒီ့ Healthy Skepticism ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ် (တခြားဘာသာ ရပ်တွေမှာလည်း ဒီစကားလုံးကိုသူ့ဘာသာ ရပ်လိုအပ် ချက်နဲ့သူ အသုံးများပါတယ်)
Healthy Skepticism
အတွက် ဥပမာ
Healthy Skepticism နဲ့ပတ်သက်လို့ နောက် ဥပမာလေးတစ်ခုလည်း ပေးချင်ပါသေးတယ်။ မကြာသေးခင်က ရန်ကုန်မှာ ဝေဖန် သံမျိုးစုံထွက်ခဲ့တဲ့ တိုင်းဝန်ကြီးချုပ်ရဲ့အမိန့်နဲ့ Night Club တွေ၊ Bar တွေ၊ ကာရာ အိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေ ည ၁၁ နာရီ ပိတ်ရမယ်ဆိုတဲ့သတင်း။ (ဘယ်သတင်းအရင်းအမြစ်ကိုအခြေခံပြီး ဘယ်လိုသတင်းထွက်လာလို့ ဘယ်မီဒီယာတွေက ဖော်ပြကြသလဲတော့မသိပါဘူး)
ဒီသတင်းစထွက်လာချိန် Social Media တွေမှာဒီသတင်းနဲ့ပတ်သက်လို့ အပြစ်တင်သူတွေ၊ အကောင်းမြင်သူတွေနဲ့ ပလူပျံခဲ့တာ သတိပြုမိပါတယ်။ သတင်းသမားတစ်ဦး အနေနဲ့ကြည့်မယ်ဆိုရင် အကောင်းမြင်အဆိုးမြင်တွေ မစဉ်းစားခင်မှာ အထက်ကရေးခဲ့ သလို (Why) ? ဘာကြောင့် ဒီအချိန်မှာ ဒီသတင်းထွက်လာသလဲ၊ ဒါမှမဟုတ် ဘာကြောင့် ဒီအချိန်မှာ ဒီလိုပိတ်တာလဲဆိုတာ အရင်စဉ်းစားရပါမယ်။ စထွက်လာတဲ့ သတင်းအရင်းအမြစ်ကရော ခိုင်မာမှုရှိ မရှိ စိစစ်ရပါမယ်။ (Healthy Skepticism အတွက် နမူနာအနေနဲ့တင်ပြချင်တာမို့ သတင်းကလည်း ခိုင်မာမှုရှိတယ်ပဲဆိုကြပါစို့။ တိုင်းဝန်ကြီးချုပ်ကလည်းပိတ်မယ်လို့ တကယ် ပြောခဲ့ တယ်ဆိုကြပါစို့)
Night Club တွေ၊ Bar တွေည ၁၁နာရီ ပိတ်လိုက်ပြီဆိုတာနဲ့ ရာဇ၀တ်မှုတွေ၊မူးယစ် ဆေးဝါးသုံးစွဲတာတွေ တကယ်လျော့သွား မှာလားဆိုတာ သတင်းထောက်ကသုံးသပ် ရပါမယ်။ ဒီလိုသုံးသပ်ဖို့ဆိုတာက နောက်ထပ်သတင်းအရင်းအမြစ်တွေကို ရှာဖွေ လေ့လာရပါမယ်။ ဥပမာ- မှုခင်းရဲတပ်ဖွဲ့က မှုခင်းမှတ်တမ်းတွေ မူးယစ်နှိမ်နင်းရေးအဖွဲ့က သတင်းအချက်အလက်တွေ အရင်စု ဆောင်းလေ့လာဖို့ မေးမြန်းဖို့လိုပါတယ်။ ရန်ကုန်မှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို အမျိုး အစားအလိုက်စနစ်တကျ ခွဲခြားသတ် မှတ်ဖို့လိုပါတယ်။ ဘယ်လိုအမှုမျိုးက ရာခိုင်နှုန်းများတယ်၊ နည်းတယ်စတာတွေကို သေချာ ခွဲခြမ်းစိတ်ဖြာရပါမယ်။ လေ့လာ စိစစ်ပြီးမှ ညပိုင်းဖြစ်တဲ့အမှုအခင်းက ရာခိုင်နှုန်းများတယ်၊ ဖြစ်တဲ့အမှု အများဆုံး ကလည်း မူးယစ်သောက်စားမှုတွေ ကြောင့်ဆို ရင် တိုင်းဝန်ကြီးချုပ်ပိတ်ခိုင်းတာဟာ ယုတိ္တတန်တယ်လို့ ကောက်ချက်ချနိုင်သလို ရာဇ၀တ်မှု အများစုဟာ မူးယစ်သောက်စားမှု ကြောင့် မဟုတ်သလို ညပိုင်းအချိန်အခါတွေမှာ ဖြစ်ခဲ့တာမဟုတ်ဘူးဆိုရင် သူ့ပြောပြချက်ဟာ လက်တွေ့နဲ့ကင်းကွာတယ်လို့ ကောက် ချက်ချနိုင်ပါလိမ့်မယ်။ အဲဒီလို စနစ်တကျလေ့လာကောက်ချက်ချပြီးမှ သတင်းရဲ့ အဓိကဇာတ်ဆောင် တိုင်းဝန်ကြီးချုပ် ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းရပါမယ်။ အဲဒီလို လုပ်တဲ့နည်းဟာံနေူအ့ပှုနစအငခငျာ ကို ကိုင်စွဲပြီး သတင်းသမား ပီသစွာ ပြုမူဆောင်ရွက်တဲ့နည်းလို့ ပြောနိုင် ပါတယ်။ (ဆိုင်တွေ မပိတ်ခိုင်းကြောင်း တိုင်းဝန်ကြီးချူပ်နဲ့ နယ်/လုံဝန်ကြီးတို့က တရားဝင် ပြောထားပါတယ်။ ဒါပေမဲ့ Healthy Skepticism ကို သတင်းသမား တစ်ယောက်အနေနဲ့ ဘယ်လို ကျင့်ကြံနိုင် တယ်ဆိုတာ ဥပမာအနေနဲ့ တင်ပြခြင်း သက်သက်ပါ)
Healthy Skepticism ကို လက်တွေ့ ကျင့်သုံးမယ်ဆိုရင်
Healthy Skepticism ကို လက်တွေ့ ကျင့်သုံးဖို့ဆိုရင် သတင်းသမား တစ်ယောက် အနေနဲ့ သတင်းအရင်းအမြစ်တစ်ခုက ရလာတဲ့သတင်းနဲ့ ပတ်သက်လို့ အောက်ပါ အချက်တွေကို မဖြစ်မနေကိုယ်တိုင် အဖြေရှာထားနိုင်ဖို့လိုပါတယ်။
၁။ ဘာကြောင့်ဒီအချိန်ကျမှ ပိတ်မယ် ပြောရတာလဲ
ဥပမာ -အစိုးရသစ်အနေနဲ့ အုပ်ချုပ်ရေး အာဏာပိုင်အဆင့်ဆင့်ရဲ့ အမိန့်နာခံမှုကို စမ်းသပ်ချင်လို့လား၊ အရင် အစိုးရလက်ထက် တုန်းကရော တကယ်ပဲ ညလုံးပေါက်ဖွင့်ခွင့် တရားဝင်ရှိခဲ့လို့ အခုမှ ဒီလို ပိတ်တာတွေဖြစ်တာလား။
၂။သတင်းအရင်းအမြစ်က မူရင်း (Primary-Source)လား၊ မိတ္တူလား
ဥပမာ-တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဆိုင်တွေပိတ်ရမယ်လို့ပြောတာကို သိခဲ့တာလား၊ ဒါမှမဟုတ် တခြား တိုင်းအာဏာပိုင် အဖွဲ့ တစ်ခုခုကပြောတာကို တစ်ဆင့်သိတာလား။
၃။ ဘယ်အချက်က အပြုသဘော ဆောင်ပြီး ဘယ်အရာက အပျက်သဘောဆောင်နိုင်သလဲ
ဥပမာ-လူငယ်တွေ ညပိုင်းအပြင်ထွက် လမ်းသလားတာလျော့သွားနိုင်သလို ထိခိုက်ဒဏ်ရာရ ရန်ဖြစ်တာတွေနည်းပါးသွားမယ့် အပြုသဘောရှိနိုင်သလို ညပိုင်းကျမှ ရပ်တည် လှုပ်ရှားအသက်ဆက်ရသူတွေနဲ့ မြန်မာနိုင်ငံလို ပူပြင်းခြောက်သွေ့တဲ့ နိုင်ငံမှာ ညပိုင်းကိုပဲ အဓိကထား အပန်း ဖြေလိုတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အ တွက်အပျက်သဘောဆောင်လေမလား။
၎။ ဘယ်သူတွေအကျိုးအမြတ်ရှိလို့ ဘယ်သူတွေ အကျိုးယုတ်သွားနိုင်သလဲ
ဥပမာ- သားသမီးတွေညပိုင်း လမ်းသလားငွေဖြုန်းနေတယ်လို့ ခံစားရတဲ့ မိဘတွေအတွက် အကျိုးအမြတ် ထွက် စေနိုင်မလား၊ ဆိုင်ပိုင်ရှင်တွေဆိုင်ကို မှီခိုရပ်တည်ရသူတွေ၊ ညပိုင်းအငှားယာဉ်မောင်းတွေ၊ အကျိုးယုတ်သွားစေနိုင်လား။
၅။ ဘယ်သူတွေ စိတ်အားတက်စေလို့ ဘယ်သူတွေ စိတ်ဓာတ်ပျက်ပြား သွားနိုင်သလဲ
ဥပမာ-မိဘတွေနဲ့ ဆိုင်အနီးအနား ပတ်ဝန်းကျင်က လူတွေကို စိတ်အားတက်စေမလား၊ ညမထွက်ရ မနေနိုင်တဲ့လူငယ်တွေ၊ ဆိုင်ပိုင်ရှင်တွေနဲ့ ညဘ၀ရပ်တည်ရသူတွေ စိတ်ပျက်စေမလား၊ မူးယစ်ဆေးဝါးရောင်း ၀ယ်သူတွေလား လာဘ်ငွေယူမသိချင် ယောင် ဆောင်ပေးထားတဲ့ အာဏာပိုင်တွေလား။
၆။ ဘယ်အပိုင်းကို ထိမ်ချန်ထားပြီးဘယ်အပိုင်းကို ဖော်ထုတ်ပြထားသလဲ
ဥပမာ-ဆိုင်ပိတ်ခိုင်းခြင်းရဲ့  နောက်ကွယ်မှာ Night တွေ၊ ကာရာအိုကေ ဆိုင်တွေ၊ Bar တွေထဲမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးတာတွေ တကယ်ရှိနေလို့လား၊ ဒါမှမဟုတ်ခရိုနီတွေပိုင်တဲ့ဆိုင်တွေကို ပစ်မှတ်ထားချင်လို့လား၊ အာဏာပိုင်အဆင့်ဆင့်ရဲ့ အမိန့်နာခံမှုကို စမ်းသပ်ချင်တာလား။
၇။ ထိမ်ချန်ထားတယ်လို့ယူဆရတဲ့အပိုင်းကို ဘယ်လိုဖော်ထုတ်မလဲ
ဥပမာရသတင်းထောက်ကိုယ်တိုင် ဆိုင်တွေ၊ ဘားတွေကိုသွားစုံစမ်းတာမျိုး။
၈။ ဘာကြောင့် ဒီသတင်းကို ဖန်တီးထုတ်လုပ်ချင်တာလဲ။
(ဥပမာ- လူငယ်တွေအတွက် အရေးကြီးတယ်ယူဆလို့လား၊ ဒါမှမဟုတ် ညပိုင်းရပ်တည်လှုပ်ရှားအသက်မွေးရသူတွေအတွက် အရေးကြီးတယ်လို့ ယူဆလို့လား၊ ဆိုင်ပိတ်ဖို့ အမိန့်ဟာအဂတိလိုက်စားမှုတွေ ကြောင့်လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာကို ထောက်ပြချင်တာလား၊ ဒါမှမဟုတ် တိုင်းဝန်ကြီးချုပ်ဆုံးဖြတ်ချက် မှားမှာစိုးလို့လား စသဖြင့်။)
အထက်ပါ အချက် ၈ချက်ကို အခြေခံပြီးစဉ်းစားလုပ်ဆောင်နိုင်စွမ်းရှိမှ Healthy Skepticism ဆိုတာ ဘာလဲဆိုတာ သတင်း ထောက်အနေနဲ့ နားလည်နိုင်စွမ်းရှိလိမ့် မယ်။ အရည်အသွေးပြည့်တဲ့ သတင်းတစ်ပုဒ်ကို ဖန်တီးထုတ်လုပ်နိုင်လိမ့်မယ်လို့ ယူဆ ကြပါတယ်။ အဓိက ကတော့ သတင်းသမား တစ်ယောက်အနေနဲ့ဆန်္ဒမစောဘဲ သေသေချာချာ စဉ်းစားစူးစမ်းလေ့လာပြီးမှ သတင်း တစ်ပုဒ်ကိုဖန်တီးသင့်တယ်လို့ပြောချင်တာပါ၊
Breaking News နှင့် News Brief
Without Any Confirmation
တစ်ခါတစ်ရံမှာ သတင်းဦး၊ သတင်းထူးမှုဟာ သတင်းဌာနနဲ့ သတင်းထောက်တွေအတွက် နာမည်တက်စေသလို နာမည်လည်း ပျက်စေနိုင်ပါတယ်။ တချို့ သတင်းသမားတွေက သတင်းဦးရဖို့ ဦးစားပေးသလို တချို့က သတင်းတိကျမူကို အဓိကထားပါ တယ်။ တချို့ကတော့ သတင်းလည်းဦးချင်တယ် သတင်းကိုလည်း တိကျစေချင်တာရှိပါတယ်။ သီအိုရီကတော့ ဒီလိုဆိုပါတယ်။ It is better second and right, than first and wrong သတင်းဦးပြီးမှားတာထက် သတင်းနောက်ကျပြီး မှန်ကန်တိကျတာ က ပိုကောင်းတယ်ဆိုတဲ့သဘောပါ။ ဒါပေမဲ့ လက်တွေ့မှာ သတင်းဌာနတွေ၊ သတင်းထောက်တွေဆိုတာ တစ်ခုနဲ့တစ်ခု တစ်ဦးနဲ့ တစ်ဦး အပြိုင်ရပ်တည်နေကြရတာမို့ သတင်းလည်းဦးရ၊ တိလည်းတိကျဆိုတာကို ပိုလိုချင်ကြပါတယ်။ အဲဒီကွက်လပ်ကို ဖြည့် ဆည်းပေးနိုင်တာကတော့ Breaking News ဆိုပြီး သတင်းစာတန်းထိုးတဲ့နည်းနဲ့ News Brief Without Confirmation ပဲဖြစ်ပါ တယ်။ သတင်းနဲ့ပတ်သက်လို့ တိတိကျကျ စုံစမ်လို့မရသေးခင်မှာ သတင်းခေါင်းစဉ်ပုံမျိုး၊ သတင်းအတိုပုံစံမျိုး သတင်းဝိနည်း လွတ်တင်ပေးတဲ့နည်းပါပဲ။ ဥပမာ ဦးသန်းရွှေရဲ့မြေး ဖိုးလပြည့်က သူ့ FB (ဖေ့စ်ဘုတ်လူမှု ကွန်ရက်)မှာ ဒီည သမိုင်းတွင်မယ့်ည ဆိုပြီးရေးခဲ့ဖူးပါတယ်။ ဒါဟာသူပေးချင်တဲ့ သတင်းစကားကိုတင်ပေးလိုက်တာပါပဲ။ တစ်ခုခုတော့တစ်ခုခုပဲဆိုတာ သတင်းသမား တွေက ရိပ်မိကြပေမယ့် ဘယ်ကိုမှမေးမြန်းအတည်ပြုလို့ မဖြစ်နိုင်ပါဘူး။ ဒီအချိန်မှာ ၀ိနည်းလွတ်ကတော့ ဦးသန်းရွှေမြေးက သူ့ FB မှာ သမိုင်းတွင်မယ့်ညလို့ ရေးထားပါတယ်။ အများကတော့ ဒေါ်စုနဲ့တွေ့ဆုံဖို့ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြကြောင်း၊ ဒါပေမဲ့ ကာယကံရှင်ကိုတော့ ခုထိမေးမြန်းလို့မရသေးဆိုတာမျိုးပဲ News Brief without confirmation ပုံစံမျိုးလုပ်နိုင်တဲ့ သဘောပါပဲ။
Check it Out or Chuck it Out
သတင်းရဲ့ ခိုင်လုံတိကျမှုကိုပဲ လုံးဝဦးစားပေးဖို့ မူရှိသူတွေကတော့ Check it Out (စစ်ဆေးအတည်ပြုခြင်း) သို့မဟုတ် Chuck it Out (အမှိုက်တောင်းထဲ လွှင့်ပစ်ခြင်း)ဆိုတဲ့မူကိုကျင့်သုံးပါတယ်။ ဥပမာပြောရရင် အထက်မှာ ဖော်ပြခဲ့သလိုဖိုးလပြည့် FB သတင်းနဲ့ နမူနာပေးရမယ်ဆိုရင် ဖိုးလပြည့်ကိုယ်တိုင်ရေးတာ ဟုတ်၊ မဟုတ်လည်းမသိ၊ ဘာရည်ရွယ်ချက် နဲ့ရေးတယ်ဆိုတာ လဲ ကာကယံရှင်ဆီက အတည်ပြုချက်မရ၊ တစ်နည်းအားဖြင့် (Chuck it Out) အတည်ပြုချက်တွေ ဘာမှ မလုပ်နိုင်ဘူးဆိုရင် တစ်စုံတစ်ရာခန့်မှန်းမနေတော့ဘဲ Chuck it Out ဆိုပြီး သတင်းအမှိုက် ပုံးထဲကို လွှင့်ပစ်လိုက်တဲ့နည်းပါပဲ။ Chuck it Out မူက တော့ တကယ်ကို သတင်းလွတ်လပ်ခွင့် အပြည့်ရှိတဲ့နိုင်ငံတွေမှာ ပိုပြီးအသုံးဝင်လက်တွေ့ကျပါတယ်။ တစ်ချိန်က ဒီဗွီဘီမှာ တာဝန်ယူရစဉ်က သတင်းလွတ် လပ်ခွင့် ဆိတ်သုဉ်းချိန်ဖြစ်သလို့ သတင်းအရင်းအမြစ်ရှားပါးချိန်ဖြစ်လို သတင်းအများစုကို (Chuck it Out) စစ်ဆေးအတည်ပြုချက် မလုပ်နိုင်ခဲ့ဘဲ (Chuck it Or) သတင်းအမှိုက်တောင်းထဲ လွှင့်ပစ်ရမယ့် အရာတွေကို သတင်းတွေအဖြစ်ထုတ်လွှင့်ခဲ့ရဖူးလို့ပါ။
Stories from Consumers
ဒီကနေ့ နိုင်ငံတကာမှာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး သတင်းအရင်းအမြစ် တည်ဆောက်နည်းတစ်ခုကတော့ သတင်းဦး၊ သတင်းထူးတာတွေတွေ့ရင် News Tip တွေ ပေးပို့နိုင်ပါတယ်ဆိုတဲ့ကြော်ငြာနည်း (Stories from Consumers) ပဲဖြစ်ပါ တယ်။ ပုံနှိပ်မှာပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာပဲဖြစ်ဖြစ်၊ အသံလွှင့်မီဒီယာမှာပဲဖြစ်ဖြစ် ကိုယ့်ပရိသတ်တွေ ကိုယ်တိုင်က သတင်းဦး သတင်း ထူးပေးချင်ရင် ပေးလို့ရအောင် လမ်းဖွင့်ပေးတဲ့နည်းကိုသုံးကြပါတယ်။ တချို့သတင်းဌာန တွေကတော့ ဝေဖန် အကြံ ဉာဏ် (Comments) ပေးပို့နိုင်ပါတယ် ဆိုတဲ့နည်းနဲ့ Soft News တွေကိုရှာဖွေပါတယ်။ တချို့သတင်းဌာနတွေကတော့ ရင်ဖွင့် သံ (Complaints) ပုံစံမျိုးဖွင့်ပေးပြီး Investigative News တွေအတွက် စုဆောင်းပါတယ်။ (သတင်းဌာနတိုင်းဟာ အဲဒီလိုဖွင့် ပေးထားတဲ့ နည်းလမ်းမျိုးစုံက ရသမျှသတင်းအချက်အလက်တွေကို သတင်းခန်းကို လွှဲပေးရပါတယ်။ ပေးပို့လာတဲ့ အချက် အလက်တွေကို ထုတ်လုပ်သူအယ်ဒီတာတွေနဲ့ သတင်းထောက်တွေက စိစစ်ပိုင်းခြားပြီး ထုတ်လွှင့်ရေးသား ဖော်ပြ သင့်တဲ့အရာ နဲ့ သတင်းလုပ်သင့်တဲ့အရာ၊ နောက်ဆက်တွဲ ဖော်ထုတ်သတင်း လိုက်သင့်တဲ့အရာ စသဖြင့် ခွဲခြားဆုံးဖြတ်ရပါတယ်။)
သတင်းဌာနတွေအနေနဲ့ ပရိသတ်ဆီက ဖြစ်ပျက်နေတဲ့ Hard News နဲ့ပတ်သက်လို့ အသံတွေ၊ ပုံတွေ၊ ဗီဒီယိုဖိုင်တွေ (Stories from Consumers) အလကားရတယ်ဆို ပေမယ့် ဘေးထွက်ဆိုးကျိုးကတော့ ပါလာ စမြဲပါပဲ။ နည်းပညာတိုးတက်နေတဲ့ ကာလ မှာပုံတွေ၊ ဗီဒီယိုဖိုင်တွေကို လိုချင်သလို ဖန်တီးလို့ရနေတာမို့ လက်ခံရရှိတဲ့ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေဟာ အစစ်အမှန် ဟုတ်၊ မဟုတ်ဆိုတာ စစ်ဆေးဖို့သတင်းဌာနမှာ အလုပ်ပိုလာပါတယ်။ အထူးသဖြင့် ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာတွေဟာ သတင်း အရင်းအမြစ်တစ်ခုအနေနဲ့ အသုံးချလို့ ရတယ်ဆိုပေမယ့် သတင်းထောက်အနေနဲ့ အရာရာကို ချင့်ချိန်စဉ်းစားတတ်ဖို့လိုပါတယ်။ ၂၀၀၅ ဒီဇင်ဘာလထဲမှာ အင်္ဂလန်က Buncefield ရေနံသိုလှောင်ကန် မီးလောင်ပေါက်ကွဲမှု ဖြစ်ပါတယ်။ BBC သတင်းဌာနဟာ အဲဒီ ပေါက်ကွဲ မီးလောင်နေတဲ့ ဗီဒီယိုဖိုင်နဲ့ဓာတ်ပုံတွေပို့ပေးလာတဲ့ အီးမေးလ် ၇၀၀၀နီးပါးရခဲ့ဖူးပါတယ်။ အချိန်တိုတိုအတွင်းမှာ ပုံတွေ၊ ဗီဒီယိုဖိုင်တွေအားလုံးကို စိစစ်ဖို့ဆိုတာ အင်မတန်ခက်ခဲသလို အားလုံးအစစ် အမှန်တွေပဲလို့ ကောက်ချက်ချဖို့ကလည်း မလွယ်လှတာဟာ Stories from Consumers ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပါပဲ။
စိတ်ခံစားမှုနောက် မလိုက်မိစေနဲ့
တစ်ခါတစ်ရံမှာ စိတ်လှုပ်ရှားဖွယ်ရာ၊ ခံပြင်းဖွယ်ရာကောင်းတဲ့ သတင်းမျိုးတွေ လက်ခံရရှိတတ်ပါတယ်။ အဲဒီလို အခြေ အနေမျိုး မှာ သတင်းထောက်အနေနဲ့ ပိုပြီးသတိထားဖို့လိုပါတယ်။ မှတ်မှတ်ရရ ၂၀၀၇ ရွှေဝါရောင် သံဃာ့တော်လှန်ရေးကာလတုန်းက အတွေ့ အကြုံတစ်ခုကို တင်ပြလိုပါတယ်။ ရွှေဝါ ရောင်ကာလမှာ ဒီဗွီဘီဟာ ရေဒီယိုသာမက ရုပ်သံပါ ထုတ်လွှင့်ပြသနေပါပြီ။ ရေဒီယိုကို လည်း ဂြိုဟ်တုကနေပါ ထုတ်လွှင့်နိုင်ချိန်ဖြစ်တာမို့ ရွှေဝါရောင်စဖြစ်ချိန်ကစပြီး တိုက်ရိုက်မေးမြန်းချက်တွေ အပါ အ၀င် ဂြိုဟ်တုကနေ ၂၄နာရီသတင်းတွေကို ထုတ်လွှင့်ပေးခဲ့ပါတယ်။ အရေးပေါ် သတင်းပေးလိုရင် ဆက်သွယ်ရမယ့် အီးမေး လ်နဲ့ ဖုန်းနံပါတ်တွေ ကိုကြော်ငြာတစ်ခုအနေနဲ့ ထည့်သွင်းထားချိန်ဆိုတော့ ရွှေဝါရောင်တော်လှန်ရေး ကာလမှာ အီးမေးလ်မျိုးစုံ၊ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်မျိုးစုံ၊ ဖုန်းနဲ့ပေးလာတဲ့သတင်းမျိုးစုံတွေ ရခဲ့ဖူး ပါတယ်။ တစ်ညမှာ အမျိုးသမီးတစ်ယောက် အသံနဲ့ ပြောထား တာတစ်ခု လက်ခံရရှိခဲ့တယ်။ ဒဏ်ရာရတဲ့ သံဃာတော်တွေကို မီးသင်္ဂြိုဟ်စက်ထဲ ထည့်လိုက်ကြတယ်လို့ ကြားရကြောင်း ငိုသံ ကြီးနဲ့ပြောထားတာပါ။ တကယ့်ကို ၀မ်းနည်းပက်လက်ဖြစ်နေတဲ့အသံနဲ့ပါပဲ။ ဘုန်းကြီးကျောင်းတွေကိုတောင် စစ်မြေပြင်လို အတင်းဝင်စီး သံဃာတော်တွေကို ၀ါးရင်းတုတ်၊ နံပါတ်တုတ်နဲ့ ရိုက်တယ်ဆိုတော့ သတင်းသမားစိတ်ဆိုတာ ထက်ခံပြင်းစိတ်က လွှမ်းမိုးနေချိန်။ အမျိုးသမီးပြောသွားတာ ဖြစ်နိုင်တာပဲလို့ တွေးခဲ့မိပါတယ်။ ဒါပေမဲ့ ဒီသတင်းကို ဘယ်လို အတည်ပြုမလဲဆိုတာ ကပြဿနာပါ။ သူဘယ်သူမှန်းလဲမသိ။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လည်း ပေးမသွား။ Burma VJအပါအ၀င် ဒီဗွီဘီသတင်း ထောက်တွေ (အဲဒီတုန်းက တရားမ၀င်သတင်းထောက်တွေပေါ့လေ) ကို လိုက်စုံစမ်းခိုင်းဖို့ကလည်း တစ်ဝက်လောက် နီးပါးက ထောင်ထဲရောက်သွားချိန်။ ကျန်သူတွေကလည်း ကင်မရာတောင် မကိုင်ရဲ လောက်အောင် ပုန်းရှောင်နေရချိန်။ ဘယ်မှလည်း ဖုန်းဆက်မေးလို့မရ။ ကျင့်ဝတ်အရဆိုရင်တော့ ဘယ်လိုမှ မထုတ်လွှင့်သင့်တဲ့ သတင်းပါပဲ။ ပြောချင်တာကတော့ တစ်ခါတလေ မှာ ကိုယ်ကိုယ်တိုင် သတင်းဖြစ်ရပ်နဲ့အတူ လိုက်ပါခံစားမိချိန်၊ မတရားမှုတစ်ခုမှာ ခံနေရသူတွေနဲ့ထပ်တူခံစားမိချိန်။ အဲဒီလို အချိန်မျိုးမှာ ကိုယ့်ခံစားချက်နဲ့ ထပ်တူကျ နေတဲ့သတင်းမျိုးနောက်ကို သတင်း ထောက်ဟာ အလွယ်တကူ မျောပါသွား တတ် တယ်ဆိုတာပါ။
