ဦးဗဆွေက ၀န်ကြီးချုပ်ရာထူးမှ ဆင်းပေးမည် ဖြစ်ကြောင်းကြေညာကာ ၀န်ကြီးချုပ်ရာထူးကို ဦးနုအား ပြန်လည်အပ်နှင်းခဲ့သည်။ ဦးနုသည် ၀န်ကြီးချုပ်ရာထူးကို ဗေဒင်ကိန်းခန်းများအလိုအရ ၁၉၅၇ ခုနှစ်၊ မတ်လ ၁ ရက်တွင် ပြန်လည်လက်ခံယူခဲ့ …
ပါလီမန်ခေတ် ၁၉၅၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၌ ၀န်ကြီးချုပ်ဦးနု ဦး ဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီးသည်ပမညတ (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)အဖွဲ့ကြီးကို အနိုင်ရရှိခဲ့ပြီးနောက် ၀န်ကြီးချုပ်ဦးနုသည် ဖဆပလ အဖွဲ့ချုပ်ကြီးသန့်စင်ရေးကို ထိရောက်စွာဆောင်ရွက်ရန်၊ ဖဆပလ အဖွဲ့ ကြီးကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ဖော်ကိုင်ဖက်များကို ၀န်ကြီးချုပ်အဖြစ် အလှည့်ကျဆောင်ရွက်နိုင်ရန်အတွက် ၁၉၅၆ ခုနှစ် ဇွန်လတွင် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဦးနုသည် ဖဆပလ အဖွဲ့ကြီးကို ၁နှစ်အတွင်း ပြန်လည်ပြုပြင် ဖွဲ့စည်း၍ ၁ နှစ်ကျော်အကြာ၌ ၀န်ကြီးချုပ်ရာထူးကို ပြန်လည်ထမ်းဆောင်ရန်ရည်ရွယ်ခဲ့သည်။
ဝန်ကြီးချုပ်ဦးနုသည် ၀န်ကြီးချုပ် ရာထူးမှ ၁၉၅၆ ခုနှစ် ဇွန်လတွင် နုတ်ထွက်ပြီး ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌတာဝန်ကိုသာ ထမ်းဆောင်၍ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော ဖဆပလ အမတ်ပေါင်းစုံအစည်းအဝေးကြီး၌ မိမိ၏ ၀န်ကြီးချုပ်ရာထူးကိုဆက်ခံရန် ဦးဗဆွေအား အဆိုတင်သွင်းခဲ့သည်။ ဖဆပလ အဖွဲ့ချုပ်ကြီး၏ဥက္ကဋ္ဌဦးနုသည် ဦးဗဆွေအား ၀န်ကြီးချုပ်အဖြစ် အဆိုတင်သွင်းရာ၌ (၁)ဦးဗဆွေသည် သာသနာတော်နှင့် ပြည် ထောင်စုကြီး၏အကျိုးကို စွမ်းစွမ်းတမံဆောင် ရွက်နိုင်မည်ဟု ယုံကြည်သူဖြစ်ကြောင်း၊ (၂)စိတ်ကောင်းရှိသူဖြစ်ကြောင်း၊ (၃) အရာ ခပ်သိမ်းတွင် စိတ်လိုက်မာန်ပါလုပ်တတ်သူ မဟုတ်ဘဲ နှိုင်းနှိုင်းချင့်ချင့်၊ ဆင်ဆင်ခြင်ခြင် လုပ်တတ်သော အရည်အချင်းရှိသူဖြစ် ကြောင်း၊ (၄) တစ်ဖက်သားကို ထောက် ထားသနားညှာတာတတ်သူဖြစ်ကြောင်း၊ (၅) လာဘ်ပေးလာဘ်ယူကိစ္စ၊ ခြစားမှု၊ ညစ်ပတ်မှုများကို ပြတ်ပြတ်သားသား တင်း တင်းမာမာဖြောင့်ဖြောင့်မတ်မတ်တိုက်ဖျက် မည့်သူဖြစ်ကြောင်း တင်ပြ၍ ကျွန်တော် ကိုယ်တိုင် ရွေးကောက် ထားသော ဦးဗဆွေကို ဖဆပလ အမတ်မင်းများက အစွမ်းကုန်ဝိုင်းဝန်းကူညီကြရန် လေးလေးနက်နက် တိုက်တွန်းကြောင်းပြောကြားခဲ့သည်။…
ဝန်ကြီးချုပ်ဦးဗဆွေဦးဆောင်သော ဖဆပလ အစိုးရအဖွဲ့သစ်တွင် (၁) ဦးဗ ဆွေဝန်ကြီးချုပ်၊ ကာကွယ်ရေးနှင့်အမျိုး သားစီမံ ကိန်းဌာန (၂) စ၀်ခွန်ချို(ဒုတိယ ၀န်ကြီးချုပ်-၁)၊ (၃) ဦးကျော်ငြိမ်း (ဒုတိယ ၀န်ကြီးချုပ်-၂)ပြည်ထောင်စုစီးပွားရေးဌာန၊ (၄) သခင်တင်(ဒုတိယ၀န်ကြီးချုပ်-၃) လူမှုရေးဌာန၊ (၅) သခင်သာခင်(ပြည်ထဲ ရေးဌာန)၊(၆) ဦးခင်မောင်လတ်(တရားရေးဌာန)၊ (၇) ဗိုလ်ခင်မောင်လေး (ဘဏ္ဍာရေး နှင့် အခွန်တော်ဌာန)၊ (၈) ဦးဘစော (သာသနာရေး၊ လူမှုဝန်ထမ်းနှင့် လူထု ပညာရေးဌာန)၊ (၉) ဗိုလ်ခင်မောင် (စက်မှုလက်မှုဌာန)၊ (၁၀) ဦးရာရှစ် (သတ္တုတွင်း ဌာန)၊ (၁၁) သခင်တင်မောင်(လယ်ယာစိုက် ပျိုးရေးနှင့် သစ်တောရေးရာဌာန)၊ (၁၂) ဦးတင် (ကုန်သွယ်မှုတိုးတက်ရေးနှင့် ရိက္ခာထောက်ပံ့ရေးဌာန၊ (၁၃) ဦးထွန်းဝင်း(သမ ၀ါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန)၊ (၁၄) ဦးဝင်းမောင်(ဆိပ်ကမ်းရေကြောင်း၊ လေ ကြောင်းနှင့် ကမ်းရိုးတန်းဆက်သွယ်ရေး ဌာန၊ (၁၅) ဗိုလ်မင်းခေါင် (မီးရထား၊ ပရသဖ၊ ယူဘီအေ စာတိုက်နှင့် ကြေးနန်း ဌာန)၊ (၁၆) ဦးထွန်းတင်(ပညာရေးနှင့် ယဉ်ကျေးမှုဌာန)၊ (၁၇) ဒေါက်တာစိန်ဘန်း (ကျန်းမာရေးဌာန)၊ (၁၈)စ၀်ထွန်းအေး(ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဌာန)၊ (၁၉) ဦးရှိန်ထန်း(ပြန်လည်ထူထောင် ရေးဌာန၊ (၂၀) ဦးတင်ညွန့်(အလုပ်သမား ဌာန)၊ (၂၁) သခင်စံမြင့်(လယ်ယာမြေနိုင်ငံ ပိုင်ပြုလုပ် ရေးဌာန)၊ (၂၂) သခင်ပန်းမြိုင် (ဒီမိုကရေစီဒေသန်္တရအုပ်ချုပ်ရေးဌာန၊ (၂၃) စောအောင်ပ(လမ်းလုပ်ငန်းနှင့်အိမ်ရာ ဆောက်လုပ် ရေးဌာန)၊ (၂၄) သခင်ချစ်မောင် (ပြန်ကြားရေးဌာန)တို့ပါဝင်ခဲ့ကြသည်။
ဝန်ကြီးချုပ် ဦးဗဆွေသည် ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပထမ ဦးဆုံးသောမိန့်ခွန်းကို ဤသို့ပြောကြားခဲ့သည်။
““ကျွန်တော့်အား နိုင်ငံတော်ဝန်ကြီးချုပ်နေရာသို့ ရွေးကောက်တင်မြှောက်လိုက်ကြတဲ့အတွက် အထူးကျေးဇူးဥပကာရတင်ရှိ ကြောင်း၊ နိုင်ငံတော်အတွက် အလွန်ကြီးမားလှသောတာဝန်ကြီးကို ကျွန်တော်၏ ပခုံးပေါ်သို့ လွှဲပြောင်းပေးလိုက်သည့်အတွက် တာဝန်ကျေပွန်စွာ ဖြောင့်ဖြောင့်မတ်မတ်၊ မှန်မှန်ကန်ကန် စွမ်းဆောင်နိုင်သမျှအား သွန်ကြိုးပမ်းဆောင်ရွက်ပါမည်ဟု ကတိ ပေးပါကြောင်း၊
ပထမဦးဆုံး ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းမှာ ပြည်တွင်းငြိမ်ဝပ်ပိပြား ရေးဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့်ရှေ့ဆင့် နောက် ဆင့် ပေါ်ပေါက်လာသော သောင်းကျန်းပုန်ကန်မှုကြီးကြောင့် တိုင်းပြည်တွင် ကြိမ်မီးအုံးသကဲ့သို့ ဖြစ်ခဲ့ရသည်ကို အထူး ပြောပြ ရန်မလိုတော့ပါကြောင်း၊ ထိုကြောင့် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို တင်းပြည့်ကျပ်ပြည့်မရသေးသရွေ့ ကာလပတ်လုံးပြန် လည် ထူထောင်ရေး ဘ၀သစ်ဖန်တီးရေးလုပ်ငန်းစဉ်များသည် သဲထဲတွင်အိမ်ဆောက်သကဲ့သို့ဖြစ်နေမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ ၀ါဒ ကို အခွင့်ကောင်းယူပြီး ဆိုးသွမ်းချင်တိုင်းဆိုးသွမ်းနေသော အဖျက်အင်အားစုကို အပြီးတိုင်ချေမှုန်း၍ ဖြစ်နိုင်သမျှသော နည်း မျိုးစုံတို့ဖြင့် ငြိမ်ဝပ်ပိပြားရေးကို တည်ဆောက်မည်ဖြစ်ကြောင်း၊
စီးပွားရေးနှင့်ပတ်သက်၍ ပြည်သူလူထုနှင့် တိုက်ရိုက်သက်ဆိုင်နေသော ကုန်ဈေးနှုန်းများ ကျဆင်းရေးကို အဆောတ လျင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီးပွားရေးစီမံကိန်းများ ထပ်မံတိုးချဲ့ခြင်းမပြုတော့ဘဲ စပြီးသားလုပ်ငန်းများကို စူးစူးစိုက်စိုက် ဇောက် ချ၍လုပ်ကိုင်ဆောင်ရွက်မည်ဖြစ် ကြောင်း၊ နိုင်ငံတော်အစိုးရ၏ စီးပွားရေးဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရက ရက်ရက်ရောရောပေးသော အခွင့်အရေးများကို မတရားအလွဲသုံး စားလုပ်နေသောချွတ်ယွင်းချက်များ၊ မသမာ မှုများ ကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊
လူမှုရေးလုပ်ငန်းစဉ်များတွင် ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူ ထောင်ရေး၊ အလုပ်သမားရေး၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး၊ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းနှင့် အိမ်ရာ ဆောက် လုပ်ရေး၊ ပြန်ကြားရေးလုပ်ငန်းများ၏ ချွတ်ယွင်းချက်၊ အားနည်းချက်များကို ၀တ်ကျေဝတ်ကုန်မဟုတ်ဘဲ နိုင်ငံတော်၏ပန်းတိုင် ကို မျက်ခြည်မပြတ်စေဘဲ အင်တိုက်အားတိုက်အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊
နိုင်ငံခြားရေးဝါဒနှင့်ပတ်သက်၍ နိုင်ငံအသီးသီးနှင့်ရင်းနှီးစွာ ဆက်ဆံ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့အုပ်စုကြီး ၂ ခုအနက် မည်သည့်အုပ်စုဘက်သို့မျှဘက်မလိုက်ဘဲ လွတ်လွတ်လပ် လပ်ကြားနေ၀ါဒလက်ကိုင် ကျင့်သုံး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးကိစ္စများနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည်ဘာမျှမလုပ်ဘဲ မလှုပ်မယှက်ကြားနေသော လမ်းစဉ်မျိုးမဟုတ်ကြောင်း၊ ကမ္ဘာ့အုပ်စုကြီး၂ ခုနှင့် ပိုမိုနားလည်ရေး၊ ဆက်ဆံမှုကောင်းမွန်ရေး၊ နိုင်ငံအချင်းချင်းချစ်ကြည်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဝါဒကွဲပြားစေကာမူ နိုင်ငံအချင်း ချင်း ငြိမ်းချမ်းစွာအတူတကွ နေနိုင်ရေးဟူသော လုပ်ငန်းစဉ်များကို ထိထိ ရောက်ရောက် တတ်နိုင်သမျှသော နည်းများဖြင့် ဆောင်ရွက်မည့် လှုပ်ရှားသော ကြားနေ၀ါဒကို ကျင့်သုံးဆောင်ရွက်မည်ဖြစ် ကြောင်း””တို့ကို မိန့်ကြားပြောဆိုခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကို ဦးဗဆွေက တာဝန်ယူထမ်းဆောင်နေချိန် ကာလအတွင်း၌ ဦးနုသည် ၀န်ကြီးချုပ်ရာထူးမှ ခေတ္တ အနားယူပြီး ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၇ ခုနှစ် နှစ်ဦးပိုင်းတွင် ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနုသည် သီဟိုဠ်နိုင်ငံတွင်ကျင်းပသော ဗုဒ္ဓဇယနီ်္တပူဇော်ပွဲသို့ တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေ သော ဦးဗဆွေ၏ နေအိမ်၌ အောင်မာဃစစ်ဆင်ရေးမှ ဖမ်းဆီးရမိခဲ့သည့် စာရွက်စာတမ်းများ၊ အထောက်အထားများနှင့် ဆိုင် သော အစည်းအဝေးကျင်းပခဲ့သည်။ ယင်းအစည်းအဝေး သို့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ရန်ကုန်မြို့ သို့ ရောက်ရှိနေသော တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမောင်တို့တက်ရောက်ခဲ့ကြသည်။ ယင်း အစည်းအဝေးတွင် သံအမတ်ကြီးဦးလှမောင်က ဦးနုအား ဖဆပလဥက္ကဋ္ဌအဖြစ်ထားရှိပြီး တရုတ်ပြည်မှ မော်စီတုန်းကဲ့သို့ အမျိုးသားရေးခေါင်း ဆောင်အဖြစ် ထားရှိသွားရန် အကြံပြုတင်ပြခဲ့သည်။ ယင်းအစည်းအဝေးတွင် ဦးနု၏မဟာမိတ်ဖြစ်သော သခင်တင်သည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၌လူနာအဖြစ် တက်ရောက်ကုသနေသောကြောင့် မတက်ရောက်နိုင်ခဲ့ပေ။
သံအမတ်ကြီးဦးလှမောင်၏ ဦးနုသည် ပြည်တွင်းနိုင်ငံရေး၌ ပါဝင်ခြင်းမပြုဘဲ ဖဆပလဥက္ကဋ္ဌအဖြစ် ထားရှိမည်ဆိုလျှင် နိုင်ငံ အတွက် အကျိုးရှိမည့် သြဇာသိက္ခာကြီးမားသော အပြည်ပြည်ဆိုင်ရာခေါင်းဆောင်အဖြစ် ဆက်လက်တည်ရှိသွားလိမ့်မည်ဟု ယုံကြည်ကြောင်းအဆိုကို အစည်းအဝေးသို့တက်ရောက်သူ အားလုံးက သဘောတူညီခဲ့ကြပြီး ဆေးရုံတက်နေသော ဆိုရှယ်လစ် ခေါင်းဆောင် သခင်တင်ထံသို့လည်း သံအမတ်ကြီးဦးလှမောင်က သွားရောက်ရှင်းလင်းတင်ပြခဲ့သည်။ သခင်တင်ကလည်း ဦးနုသီဟိုဠ်မှ ပြန်ရောက်လျှင် ရှင်းလင်းတင်ပြရန် သဘောတူညီခဲ့သည်။ အစည်းအဝေးအပြီးတွင် ဦးနုအား ရှင်းလင်းတင်ပြရေး တာဝန်ကို ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် သံအမတ်ကြီးဦးလှမောင်တို့အား တာဝန်ပေးခဲ့သည်။
ဦးနုသည် သီဟိုဠ်နိုင်ငံမှ ပြန်ရောက် လာသောအခါ လေဆိပ်တွင် သခင်ကျော်ထွန်းသည် လေယာဉ်ပေါ်သို့တက်သွားပြီး ဦးနု အား အရေးပေါ်ကိစ္စတစ်ခုပေါ်ပေါက်နေသောကြောင့် မည်သူနှင့်မျှ တွေ့ဆုံခြင်းမပြု မီ ဆေးရုံသို့လာရောက်တွေ့ဆုံရန် သခင် တင်ကမှာကြားကြောင်း သတင်းပို့သည်။ ဦးနု ဆေးရုံသို့ရောက်ရှိလာသောအခါ သခင်တင်က ဦးဗဆွေနှင့်ဦးကျော်ငြိမ်းတို့ သည် ဦးနုကို ၀န်ကြီးချုပ်ရာထူးမှ အမြဲတမ်းဖြုတ်ချရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်းတင်ပြခဲ့သည်။ ဦးနုသည် ယင်းတင် ပြချက် ကို ကြားသိရသောအခါ မူလက ၀န်ကြီးချုပ်အဖြစ် တစ်နှစ်ဆိုင်းငံ့ကာလ ထားရှိခြင်းကိုမစောင့်ဆိုင်းတော့ဘဲ ဦးဗဆွေအား ထောက်ခံလွှဲပြောင်းပေးခဲ့သော ၀န်ကြီးချုပ်ရာထူးကို ပြန်လည်ရယူရန် ဆုံးဖြတ်ခဲ့သည်။ သံအမတ်ကြီးဦးလှမောင်နှင့် ဗိုလ် ချုပ်ကြီးနေ၀င်းတို့က နောက်ပိုင်းတွင် ဦးနုထံသွားရောက်၍ ဦးနုအားဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားရေးအစီအစဉ်ဆိုသည်မှာ လုံးဝ မဟုတ်ကြောင်း၊ ဦးနု ၀န်ကြီးချုပ်အဖြစ် ပြန်လည်ဆောင်ရွက်လိုသည့်အချိန်တွင် လက်ခံရန် မိမိတို့အားလုံးအဆင်သင့်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သော်လည်း ဦးနုသည်လက်ခံခြင်းမရှိခဲ့ပေ။ ဦးနုသည် ၀န်ကြီးချုပ်ရာထူးကို ပြန်လည်ရယူရန်ဆုံး ဖြတ်ခဲ့သည်။
ထိုသို့ ဦးနုသည် ၀န်ကြီးချုပ်ရာထူးကို ပြန်လည်ရယူရန်ဆုံးဖြတ်၍ ၀န်ကြီးချုပ် ဦးဗဆွေထံမှ ၀န်ကြီးချုပ်ရာထူးကို ပြန်လည် လက်ခံယူမှုကို ၀န်ကြီးချုပ်ဦးဗဆွေသည် သဘောထားကြီးစွာဖြင့် မည်သည့်အတိုက် အခံမျှမပြုဘဲ ဒုတိယအမှုဆောင်အစည်း အဝေးကြီး၌ ဦးဗဆွေက ၀န်ကြီးချုပ်ရာထူးမှ ဆင်းပေးမည်ဖြစ်ကြောင်း ကြေညာကာ ၀န်ကြီးချုပ်ရာထူးကို ဦးနုအား ပြန်လည်အပ် နှင်းခဲ့သည်။ ဦးနုသည် ၀န်ကြီးချုပ်ရာထူးကို ဗေဒင်ကိန်းခန်းများအလိုအရ ၁၉၅၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ပြန်လည်လက်ခံ ယူခဲ့သည်။
ထို့ကြောင့် ပါလီမန်ခေတ်၏ ဖဆပလအဖွဲ့ချုပ်ကြီးတွင် ဆိုရှယ်လစ်ပါတီ၏ ခေါင်းဆောင်ကြီးတစ်ဦးအဖြစ်လည်းကောင်း၊ ကိုယ် ကျင့်သိက္ခာ ဖြောင့်မတ်တည်ကြည်သော ခေါင်းဆောင်တစ်ဦးအဖြစ်လည်းကောင်း ထင်ရှားခဲ့သော နိုင်ငံရေးခေါင်းဆောင် ဦးဗဆွေသည် ဖဆပလ အဖွဲ့ချုပ် ကြီး၏၀န်ကြီးချုပ်ရာထူးကို ၁၉၅၆ ခုနှစ် ဇွန်လမှသည် ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းဝင်ခဲ့သည်။
ဦးနုသည် ၀န်ကြီးချုပ်ရာထူးကို ပြန်လည်ရယူပြီးနောက် ၁၉၅၇ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်သူ့ လွှတ်တော်ပါလီမန်အစည်းအဝေး၌ –
““ကျွန်တော် ရှက်ရှက်နှင့်ဝန်ခံရမယ်ဆိုလျှင် ပထမအကြိမ်ပြည်သူ့လွှတ်တော် ပါလီမန်ရွေးကောက်ပွဲ (၁၉၅၂ ခုနှစ်)မှ စတင်၍ ၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော် (ပါလီမန်)ရွေးကောက်ပွဲအထိ ၄ နှစ်ကြာ ကာလအတွင်း၌ ၀န်ကြီးချုပ်အနေဖြင့် ပြည်သူ့ လွှတ် တော်တွင် တစ်ကြိမ်တစ်ခါမျှ စကားမပြောခဲ့ဖူးပါ။ ဒါဟာ ၀န်ကြီးချုပ်အနေဖြင့် ၀တ္တရားပျက်ကွက်ခြင်းဖြစ်ပါတယ်။ ယင်းစွပ်စွဲ ချက်နှင့်ပတ်သက်၍ အမှန်အတိုင်းပြောရလျှင် ကျွန်တော့်ကိုယ် ကျွန်တော် ဘယ်နည်းနှင့်မျှ မကာကွယ်နိုင်ပါဘူး။ အဲဒါကြောင့် နောင်တွင် အရေးကြီးသောကိစ္စတိုင်း၌ မည်သည့်နည်းနှင့်မဆို ကျွန်တော်ပါဝင်ပြီးဆွေးနွေးပါမယ်။ အရေးကြီးသော မိန့်ခွန်းများ ကိုလည်း ကြိုးစား၍ပြောပါမယ်ဟူသော ကတိတစ်ခုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ ကတိ ပေးပါ ကြောင်း”” ၀န်ခံပြောကြားခဲ့သည်။
ပါလီမန်ခေတ် မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိရန် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ကြိုး ပမ်းခဲ့ သော ဖဆပလအဖွဲ့ချုပ်ကြီးသည် လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်၌ ၁၉၅၈ ခုနှစ် မေလတွင် ဦးနုနှင့် သခင်တင်တို့ ဦးဆောင် သော နု-တင်သန့်ရှင်းဖဆပလနှင့် ဦးဗဆွေနှင့်ဦးကျော်ငြိမ်းတို့ဦးဆောင်သော ဆွေ-ငြိမ်း တည်မြဲဖဆပလဟူ၍ အတိ အလင်းပင် နှစ်ခြမ်းကွဲခဲ့သောဖြစ်ရပ်သည် သဘောတရားရေးအရ၊ နိုင်ငံရေးအရ သဘောတူညီမှုမရရှိ၍ ကွဲရခြင်းမျိုးမဟုတ်ဘဲ ပုဂိ္ဂုလ်ရေး အာဃာတများ၊ သံသယများ ကြောင့်လည်းကောင်း၊ ဖဆပလ အဖွဲ့ချုပ် ကြီးအတွင်း အာဏာလုရာမှလည်းကောင်း ပေါ်ပေါက် ခဲ့ရသည့် အကွဲအပြဲဖြစ်သည်ဟူ၍ သမိုင်းသုတေသီများ၊ သမိုင်းပညာရှင်များ၊ အမြော်အမြင်ကြီးမားသော နိုင်ငံရေးခေါင်း ဆောင်ကြီးများက မိန့်ကြားသုံးသပ်ခဲ့ကြသည်။
ကျမ်းကိုး
၁။ တပ်မတော်သမိုင်း(စတုတ္ထတွဲ) (၁၉၄၈-၁၉၆၂ ခုနှစ်)
၂။ အကွဲအပြဲဇာတ်လမ်း (ဂါးဒီးယန်း ဦးစိန်ဝင်း)
၃။ နိုင်ငံ့ခေါင်းဆောင်များ၏ အထင်ကရမိန့်ခွန်းများ(တင်နိုင်တိုး)
၎။ လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဦးဆုံး ၀န်ကြီးချုပ်ဦးနု(သို့မဟုတ်) ယုံကြည်ချက်ကိုစွဲကိုင်ခဲ့သူ(ရဲသွေးထက်)
