ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)၏ ဂန္ထ၀င်အိုးဝေ မဂ္ဂဇင်းများ – လှမြင့်(ရန်ကုန်တက္ကသိုလ်)

ကိုအောင်ဆန်းကိုယ် တိုင်လိုက်လံ၍ “အိုးဝေအတွက် ဆောင်းပါးတွေရေးကြဗျာ။ ရေးချင်တာရေး ကျုပ် တာဝန်ခံတယ်။ ချစ်ရေးကြိုက်ရေး မလိုချင်ဘူး။ ကျောင်းသားတွေ တိုးတက်မှုကိုရေး၊ ကျုပ်မျက်နှာ မလိုက်ဘူး ကောင်းတာဆိုထည့်မှာပဲ”ဟု …

(4-21)-024ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(တကသ)၏ အာဘော်ဖြစ်သော အိုးဝေမဂ္ဂဇင်းသည် ရန်ကုန် တက္က သိုလ် ကျောင်းသားများသမဂ္ဂ(တကသ) စတင်တည်ထောင်ခဲ့သော ၁၉၃၁ခုနှစ်၊ ဇန်န၀ါရီလတွင် စတင်ထုတ် ဝေခဲ့သည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)နှင့် အိုးဝေမဂ္ဂဇင်းကြီး တို့ကို ရန်ကုန်တက္ကသိုလ်ဖွားဖက်တော်ဟူ၍ တင်စားခေါ်ဆိုခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ)သည် အိုးဝေမဂ္ဂဇင်းကို တစ်နှစ်လျှင်တစ်ကြိမ် ပုံမှန်ထုတ်ဝေနိုင်ရန် နှစ်စဉ် အယ်ဒီတာနှင့် အမှု ဆောင်အဖွဲ့ကို ရွေးချယ်တာဝန်ပေးအပ် ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(တကသ)စတင်တည်ထောင်သည့် ၁၉၃၁ခုနှစ်မှစတင်၍ ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(တကသ)အသင်းကြီးနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အအုံကြီး ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် ၁၉၆၂ခုနှစ်အထိ နှစ်ပေါင်း ၃၁နှစ်ကာလ အတွင်း၌ အိုးဝေ မဂ္ဂဇင်းကြီးကို တစ်နှစ်လျှင်တစ်ကြိမ် ပုံမှန်ထုတ်ဝေနိုင်ရန် အိုးဝေမဂ္ဂဇင်းအယ်ဒီတာနှင့် အမှုဆောင်အဖွဲ့သည် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသော်လည်း အခက်အခဲအတားအဆီး အမျိုးမျိုးကြောင့် နှစ်စဉ်ပုံမှန် ထုတ်ဝေခြင်း မပြုနိုင်ခဲ့ပေ။ သို့သော် အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာနှင့် အမှုဆောင်အဖွဲ့ကြီးကိုမူ ၁၉၃၁ခုနှစ်မှသည် ၁၉၆၁ ခုနှစ်အထိ နှစ်စဉ်မပျက် ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ခဲ့သည်။…

၁၉၃၁ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ နှစ်ပေါင်း၃၁ နှစ်ကာလအတွင်း၌ အိုးဝေမဂ္ဂဇင်းကြီး၏ နှစ်ပတ်လည် စာစောင် များထုတ်ဝေမှု သမိုင်းမှတ်တမ်းအစအဦးအဖြစ် ၁၉၃၁ ခုနှစ်၊ ဇန်န၀ါရီလတွင်အတွဲ(၁)၊ အမှတ်(၁)ကိုစတင် ထုတ်ဝေခဲ့သည်။ ရှေးဦးစွာအိုးဝေမဂ္ဂဇင်းဟူ၍ အမည်မတွင်သေးဘဲ အိုးဝေစာစောင်ဟူ၍ ထွက်ရှိခဲ့သည်။ ဓား သွားထက် ကလောင်သွားထက်သည်ဟူသော ဆောင်ပုဒ်ကို လက်စွဲပြုခဲ့သည်။ အယ်ဒီတာအဖြစ်ကို လှမောင် (ဘီအက်စီ)က တာဝန်ယူခဲ့သည်ဟု မှတ်သားသိရှိရသည်။

၁၉၃၁ခုနှစ်မှ ၁၉၆၂ခုနှစ်အတွင်း ထုတ်ဝေခဲ့သော အိုးဝေနှစ်ပတ်လည် မဂ္ဂဇင်းများအနက် မြန်မာ့နယ်ချဲ့ ဆန့်ကျင်ရေးသမိုင်းနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(တကသ)သမိုင်းစဉ် တစ်လျှောက်တွင် ဂန္ထ၀င်မြောက်အိုးဝေမဂ္ဂဇင်းဟူ၍ သမိုင်းဥဒါန်းတင်ခဲ့သော အိုးဝေမဂ္ဂဇင်းကြီးများမှာ-

““၁၉၃၅-၃၆ ခုနှစ်ထုတ်အိုးဝေမဂ္ဂဇင်း (အတွဲ-၅၊အမှတ်-၁)၊ ၁၉၄၇-၄၈ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်း (အတွဲ-၉၊ အမှတ်-၁)နှင့် ၁၉၅၉-၆၀ပြည့်နှစ်ထုတ် အနှစ် ၃၀ပြည့် အိုးဝေမဂ္ဂဇင်းကြီးတို့ဖြစ်သည်ဟူ၍ သမိုင်း ပညာရှင် များမိန့်ဆိုသတ်မှတ်ခဲ့ကြသည်။

ယင်းဂန္ထ၀င်အိုးဝေ(နှစ်ပတ်လည်) မဂ္ဂဇင်းကြီးများအနက် ၁၉၃၅-၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်း ကော်မတီတွင် အယ်ဒီတာကိုအောင်ဆန်းနှင့် အမှုဆောင်ကိုသိန်းတင် (ညိုမြ)တို့ ဦးဆောင်ထုတ်ဝေခဲ့သော ၁၉၃၆ ခုနှစ်၊ ဇန်န၀ါရီလထုတ် အိုးဝေမဂ္ဂဇင်း (အတွဲ၅၊ အမှတ်-၁)သည် အထူးခြားဆုံးနှင့် ဂန္ထ၀င်ထင်ရှားသော သမိုင်းဝင် အိုးဝေ မဂ္ဂဇင်းဖြစ်သည်။ ၁၉၃၆ခုနှစ်၊ ဇန်န၀ါရီလထုတ် အိုးဝေမဂ္ဂဇင်းကြီး၏ မြန်မာ့နယ်ချဲ့ ဆန့်ကျင်ရေး သမိုင်းနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(တကသ)အသင်းကြီး၏ သမိုင်းဝင် ဂန္ထ၀င်မြောက် သမိုင်းတင်ဖြစ်ရပ်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း တည်းဖြတ်ထုတ်ဝေခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ္တစာအုပ်တွင် အိုးဝေနှင့် သပိတ်ကြီးဟူသော ခေါင်းစဉ်ဖြင့် ဤသို့ မှတ်တမ်းတင်ခဲ့သည်။

““ဥက္ကဋ္ဌကိုနုအမှူးပြုသော သမဂ္ဂအမှုဆောင်တက်သောနှစ်တွင် သမဂ္ဂမှမဂ္ဂဇင်း တစ်စောင်ထုတ်ဝေရန် စိုင်း ပြင်းကြ၍အိုးဝေဟု အမည်ပေးကာ ကိုအောင်ဆန်းကိုယ်တိုင် လိုက်လံ၍ “အိုးဝေအတွက် ဆောင်း ပါးတွေ ရေးကြဗျာ။ ရေးချင်တာရေး ကျုပ်တာဝန်ခံတယ်။ ချစ်ရေးကြိုက်ရေး မလိုချင်ဘူး။ ကျောင်းသားတွေ တိုးတက် မှုကိုရေး၊ ကျုပ်မျက်နှာမလိုက်ဘူး ကောင်းတာဆိုထည့်မှာပဲ”ဟုဆို၍ဆောင်းပါးများ တောင်းလေ၏။

အိုးဝေထွက်လာသောအခါ Hell Hound at Large ခေါ် ခွေးသရမ်းကြီးလွတ်နေသည်ဆိုသော ဆောင်းပါးတစ် စောင်ပါလာ၏။ မည်သူ့ကို ရည်ရွယ်ရေးသည်ကို ပြောစရာမလို။ တက္ကသိုလ်နယ်ပယ်တွင် သိမ့်သိမ့်တုန် သွား စေ၏။ အနာပေါ်တုတ်ကျသည့်အတူ နာသူနာပြီး ကျောင်းအုပ်ကြီးထံ အစီရင်ခံသဖြင့် အရေးယူ၏။ ဆောင်းပါး အတွက်မူ ကိုအောင်ဆန်းတာဝန်ခံသဖြင့် ကိုအောင်ဆန်းထံ အာဏာပိုင်တို့က အကျပ်ကိုင်၏။ ကိုအောင်ဆန်း သည် တာဝန်ကို တာဝန်ခံပီသစွာ ရဲရင့်စွာယူထား၏။ အာဏာပိုင်တို့အား အလျှော့မပေးရေးသူကို ထုတ်ဖော် မပြောသဖြင့်။ သမဂ္ဂနှင့်ကျောင်းအုပ်ကြီးတို့ အရေးဆိုပွဲပြင်းထန်ခဲ့ရာမှ ကိုအောင်ဆန်းကျောင်းမှ ထုတ်ပယ်ခံ ရ၏။ သမဂ္ဂဥက္ကဋ္ဌကိုနုကိုလည်း အရေးယူသဖြင့် သမဂ္ဂကျောင်းသားများနှင့် ဗြိတိသျှအာဏာပိုင် တို့အတိုက် အခံဖြစ်ခဲ့ကြသည်။

၁၉၃၆ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် သပိတ်ကြီးမှောက်လိုက်၏။ မာလိန်မှူးကိုနုနှင့် ပဲ့ကိုင် ကိုအောင် ဆန်းတို့ ခေါင်းဆောင်သော သပိတ်ကရ၀ိတ် ဖောင်တော်ကြီးသည် မြန်မာပြည်တစ်ခွင်ပြဲပြဲစင်အောင် အနှံ့ အပြားရွက်တိုက်ခဲ့၏။ အနယ်နယ်က ကျောင်းသားများပါ သပိတ်မှောက်ခဲ့ကြ၏။ ရှေးက သပိတ်မျိုးမဟုတ်။ အကြံသစ်၊ ဉာဏ်သစ်၊ ခြေလှမ်းသစ်များနှင့် တိုက်ပွဲဆင်နွှဲအရေးဆိုသော သပိတ်ကြီးဖြစ်ခဲ့၏။

၁၉၄၇-၄၈ခုနှစ်အတွက် အိုးဝေမဂ္ဂဇင်း ကော်မတီကထုတ်ဝေခဲ့သော ၁၉၄၈ခုနှစ် အိုးဝေမဂ္ဂဇင်းသည် အိုးဝေ မဂ္ဂဇင်းသမိုင်း၏ ဂန္ထ၀င်မဂ္ဂဇင်းအဖြစ် သမိုင်းဝင်ထင်ရှားခဲ့သည်။ အတိုင်ပင်ခံ စာတည်းအဖြစ် ဆရာကြီးဦးဝန် (မင်းသုဝဏ်)နှင့် စာတည်းအဖြစ် မောင်မောင်တို့က တာဝန်ခံထုတ်ဝေခဲ့သည်။ ယင်းမဂ္ဂဇင်းသည် မြန်မာ့ လွတ်လပ်ရေးအထူးထုတ် အိုးဝေမဂ္ဂဇင်းကြီးလည်း ဖြစ်ခဲ့သည်။ မဂ္ဂဇင်း၏ မျက်နှာဖုံးကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံအတွင်းမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများထွက်လာကြပုံကို ပန်းချီ ဆရာ ကြီး ဦးဘကြည်၏ လက်ရာဖြင့် ရေးဆွဲထားသည်။ အတွင်းဖုံး၌ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ကြွေးကြော်သံအိုးဝေ (၁၉၄၈ခု၊ နှစ်လည်စာစောင်) ဟူသော မြန်မာဘာသာဖြင့် လည်းကောင်း၊ The official Organ of the Rangoon University Students Union 1948 ဟူသော အင်္ဂလိပ်ဘာသာဖြင့် လည်း ကောင်း ဖော်ပြခဲ့သည်။ ထို့နောက် တကသဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်နုတို့၏ပုံများကို စာမျက်နှာပြည့် ထည့်သွင်း ဖော်ပြခဲ့သည်။ အဖွင့်ကဗျာအဖြစ် ဆရာကြီးဦးဝန် (မင်းသုဝဏ်)၏-

““အိုးဝေတဲ့ညံညံ၊ ရွှေဒေါင်းပျို တောင်ညိုဦးမှာလ၊ ကျူးရင့်မြည်သံ။ အောင်ပွဲရယ်ခံ ၊နိုင်ငံတဲ့သာရေး၊ ရွှေဗဟိုရ် စည်တော် ရွမ်းချိန်မို့၊ ခွန်းချိုဆက်တေး”” ဟူသော ခွန်းဆက်ကဗျာကို ဖော်ပြခဲ့၏။ ထို့ပြင် အိုးဝေမဂ္ဂဇင်း အယ်ဒီ တာဟောင်းကိုအောင်ဆန်း ရေးသားခဲ့သော အနိုင်မခံဟူသော ဆောင်းပါးကိုလည်း ဤသို့ပြန်လည်ဖော်ထုတ် မှတ်တမ်းတင်ခဲ့သည်။ ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။

လောကဓံတရား၏ လက်ဆုပ်တွင်းသို့ ဘယ်လိုပင် ကျရောက်နေရသော်လည်း ငါမူကားမတုန်မလှုပ်၊ မငို မကြွေး။ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့်ရဲရဲနီ၏၊ ညွတ် ကာ မညွတ်။ ဤလောဘ၊ ဒေါသတို့ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။ သို့ပင်မူ ငါ့အားမတုန်လှုပ်သည်ကို တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက် သည်ကိုသာတွေ့ရအံ့။ ငါသာလျှင် ကံ၏အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်တော့၏။

၁၉၄၈ခုနှစ်ထုတ် အိုးဝေနှစ်ပတ်လည် မဂ္ဂဇင်းကြီး၌ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ““ပန်းပဲရွာမှာ အပ်ရောင်း နိုင်အောင်ကြိုးပမ်းရမည်””ဟူသောဆောင်းပါး၊ ဆရာ ကြီးမင်းသုဝဏ်၏ “သာဓုသံကဗျာ”၊ ကဗျာ ဆရာမကြီး ငွေတာရီ၏“ချစ်သက်” ကဗျာများကိုလည်း ဖော်ပြခဲ့သည်။ ဆရာကြီးမင်း သုဝဏ် (ဦးဝန်)၏“သာဓုသံ” ကဗျာတွင်-

““ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍၊ လွတ်လပ်ရလေ၊ တို့တတွေသည်၊ အိုးဝေကျေးဇူးပါတကား။ အိုးဝေကျေးဇူး၊ မထိမ် မြူးဘဲ၊ ခါဦးကောဇာ၊ဤအခါတွင်၊ သာဓု ခေါ်ကြပါ ကုန်လော့။ သာဓုသံတွင်၊ သောတ ဆင်၍၊ အသင် ဒေါင်းငယ်၊ မြန်မိမယ်ကို၊ သက်နှယ်စောင့်ရှောက်နိုင်စေသော””ဟူ၍ လွတ်လပ်ရေးနှင့် အိုးဝေမဂ္ဂဇင်းကြီး၏ ဂုဏ်ရည်၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂကြီးနှင့် အိုးဝေမဂ္ဂဇင်း၏ ဂုဏ်ရည်ကိုဖော်ကျူးဖွဲ့ဆို ဂုဏ်ပြုခဲ့သည်။

၁၉၅၉-၆၀ပြည့်နှစ်အတွက် ထုတ်ဝေခဲ့သော အိုးဝေ(နှစ်ပတ်လည်)မဂ္ဂဇင်းသည် ရန်ကုန်တက္ကသိုလ် ကျောင်း သားများသမဂ္ဂကြီး၏ အနှစ်(၃၀)မြောက်အထိမ်းအမှတ် အထူးစာစောင်ကြီး ဖြစ်သည်။ တာဝန်ခံ အယ်ဒီတာ အဖြစ် ကိုအောင်သိမ်းနိုင်၊ အတွင်းရေးမှူးကိုထွားစိန်၊ ငွေထိန်း (ဘဏ္ဍာရေးမှူး) ကိုဗဆွေလေးတို့က တာဝန်ခံ ထုတ်ဝေခဲ့သည်။ ယင်းမဂ္ဂဇင်း၏ အဖွင့်ကဗျာအဖြစ် ၁၉၄၇-၄၈ခုနှစ် အိုးဝေနှစ်လည်မဂ္ဂဇင်းတွင် ဆရာကြီးဦးဝန် (မင်းသုဝဏ်)ရေးဖွဲ့တင်ပြခဲ့သော ““သာဓုသံ”” ကဗျာကိုပြန်လည်ဖော်ထုတ် မှတ်တမ်းတင်ခဲ့သည်။ အယ်ဒီတာ့ အာဘော်(ခေါင်းကြီး)အဖြစ် အနှစ်သုံး ဆယ်ခရီးဝယ်ဟူသော ခေါင်းစီးဖြင့် ဤသို့ မှတ်တမ်းတင်ဖော်ပြခဲ့သည်။

““တက္ကသိုလ်သမဂ္ဂ၏ အနှစ်၃၀ ခရီးသည် ရုန်းကန်ခြင်း၊ လှုပ်ရှားခြင်းများ၏ပြွမ်း၏။ ကျောင်းသား ပြည်သူတို့ အကျိုးကို ဦးထိပ်ထားသော သမဂ္ဂတည်တံ့ရေးအတွက် ကြိုးပမ်းခဲ့ရသော ခရီးလမ်းဖြစ်သည်။ ရန်သူ၏ ထိုးနှက် ချက်ဖြင့် ဦးခေါင်းထက်မှ သွေးစက်စက်ယိုခဲ့ဖူး၏။ ရုန်းကန်ရသဖြင့် အသားအရေမွမွကြေကာ သပြေ ရောင်ထခဲ့ ဖူး၏။ သို့သော် ဦးမညွတ်ခဲ့။ ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍၊ လွတ်လပ်ရလေ၊ တို့တတွေသည်၊ အိုးဝေ ကျေးဇူးပါတကား။

ဗြိတိသျှနယ်ချဲ့သမား၏ ကျေးကျွန် ဘ၀၀ယ် သမဂ္ဂသည် လွတ်လပ်ရေးကို ရင်ဝယ်ပိုက်ကာ တိုက်ခိုက်ရေး သမားအဖြစ်လည်းကောင်း၊ လှုံ့ဆော်ရေးတပ်ဦးအဖြစ် လည်းကောင်းတာဝန်ကိုထမ်းဆောင်ခဲ့၏။ သမဂ္ဂအစဉ်၌ ပင်လျှင် ဗြိတိသျှနယ်ချဲ့သမားကို ဆန့်ကျင်ခဲ့ကြလေသည်။ ဂျော့ဘုရင် မင်းမြတ်ဘုန်းတော်ဘွဲ့ကိုပစ်၍ တို့ဗမာ သီချင်းသစ်ဖြင့်စတင် လှုံ့ဆော်ခဲ့ကြ၏။၁၉၃၆-၃၈ခု အရေးတော်ပုံများသည် ဗမာ့လွတ်လပ်ရေးတိုက်ပွဲ သမိုင်း ၀ယ် အရေးပါသည့် မှတ်တမ်းတင်ကဏ္ဍကြီးများ ပင်ဖြစ်လေသည်။

လွတ်လပ်ရေးရပြီး ပြည်ထောင်စု မြန်မာနိုင်ငံဘ၀၌သမဂ္ဂသည် မပြီးဆုံးသေးသော တာဝန်များကို ထမ်းဆောင် ခဲ့ရ၏။ သမဂ္ဂအတွက် ဆက်လက်ကာကွယ်ခြင်းပြုခဲ့ရ၏။ ၁၉၅၃ခု အောက်တိုဘာ အရေးတော်ပုံ၊ ၁၉၅၉-၆၀ ပြည့်နှစ် အဖြစ်အပျက်များသည် စစ်ပြီးခေတ် သမဂ္ဂလုပ်ငန်းတွင် မှတ်တမ်းတင်ရမည့် လှုပ်ရှားမှုများ ဖြစ်ပေ သည်။

ရာဇ၀င်ပေးတာဝန်ဖြစ်သော အမျိုးသားပညာရေး တည်ဆောက်ရေးလုပ်ငန်းကို ကြိုးပမ်းရင်း အမျိုးသားရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်ခဲ့သည့် ၁၉၅၈ သြဂုတ်လတွင် ကျင်းပခဲ့သော ကျောင်း သားများနှီးနှော ဖလှယ်ပွဲသည် အမျိုးသားပညာရေးတည်ဆောက်ရန် အခြေခံအစပင် ဖြစ်လေသည်။ လွတ်လပ်ရေးကြိုးပမ်းစဉ် တွင်လည်းကောင်း၊ လွတ်လပ်ရေးရပြီးကာလတွင် လည်းကောင်းသမဂ္ဂသည် ကျောင်းသားပြည်သူအတွက် ထက်မြက်သော လက်နက်ဖြစ်သည်။ အနှစ်သုံးဆယ်တည်တံ့ခဲ့သော သမဂ္ဂသည် ဆက်လက်တည်တံ့ရန် ကြိုးပမ်းရဦးမည်ဖြစ်သည်။

ဤသို့နှင်နှင် ရာဇ၀င်တွင်ခဲ့သော သမဂ္ဂသည် ၁၉၆၁ခုနှစ်၊ ဇန်န၀ါရီလ၉ ရက်နေ့တွင် နှစ် ၃၀တင်းတင်းပြည့် လေပြီ။ သမဂ္ဂသက်တမ်းတစ်လျှောက်တွင် ပြောင်မြောက်စွာ ဆောင်ရွက်နိုင်သကဲ့သို့ ကျောင်းသား ပြည်သူ အကျိုးကိုထမ်းရွက်ရင်း မြန်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်ရမည်သာ ဖြစ်ပေသတည်း။

ယင်းသို့ သမိုင်းရာဇ၀င်တင် ထင်ရှားခဲ့သော တက္ကသိုလ်သမဂ္ဂအသင်းကြီး (တကသ)နှင့် ဒေါင်းအိုးဝေ မဂ္ဂဇင်း ကြီး၏ ဂုဏ်ရည်ကိုစာပေ၊ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ““တက္က သိုလ်သဘင် သမဂ္ဂအသင်းဆီက၊ အဆက်သမ္မတမင်းတွေနဲ့၊ တြင်း – န၀င်း- ကောင်းမျိုးအထွေထွေ၊ အိုကွယ်-တက်-မကွ၊ အတင်းဟေ့လို့၊ အကွက်ကျ နင်း-နင်းပြီး၊ ခက်သမျှရှင်း ပေးမည့်၊ သတင်း-ဒေါင်းအိုးဝေ -။

အိုဖေမောင်တင်ရဲ့ အောင်မျို့အလှဲ့အထက်ဟို ယခင်ကဲ့သို့၊ ကနက်ဗဟိုရ်ပလ္လင် ပြောင်းရမှာက၊ နောင်သို့ တကယ်အောင်ဖို့ တပဲ့(တပည့်)တွေနဲ့သြော်- မောင်တို့ရဲ့ တက္ကသိုလ်သခင်ကျောင်းဟူသော တက္ကသိုလ် သမဂ္ဂအသင်းနှင့်ဒေါင်း အိုးဝေမဂ္ဂဇင်းကြီးဘွဲ့၊ အလင်္ကာ မဟာလေးချိုးကြီးဖြင့် ဂုဏ်ပြုမှတ်တမ်းတင် ဖွဲ့ဆိုခဲ့ သည်။

အစဉ်အလာကောင်းများဖြင့် တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ)နှင့် အိုးဝေမဂ္ဂဇင်းကြီးသည် တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် ၁၉၆၂ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ တွင် လုံးဝပြိုကွဲပျက်စီးသွားခဲ့သည်။

ကျမ်းကိုး

၁။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတိ္တ (သခင်ကိုယ်တော်မှိုင်းတည်းဖြတ်)

၂။ သခင်ကိုယ်တော်မှိုင်းလေးချိုး ပေါင်းချုပ်(ပထမတွဲ) (ရွှေကိုင်းသား)

၃။ မြန်မာနိုင်ငံကျောင်းသားသမဂ္ဂများ သမိုင်း (၁၉၃၀-၁၉၆၂) (တင်နိုင်တိုး)

၎။ အိုးဝေမဂ္ဂဇင်း(နှစ်ပတ်လည်စာ စောင်များ) (၁၉၃၅-၃၆ခုနှစ်ထုတ်၊ ၁၉၄၇-၄၈ခုနှစ်ထုတ်။ ၁၉၅၉-၆၀ခုနှစ် ထုတ် ကောက်နုတ်ချက်များ)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s